နမ့်ခမ်းတွင် ကျားဖြူ ကျားခေါင်းနှင့် လယ်သမားများ တွေ့ဆုံ ဆွေးနွေး

နမ့်ခမ်းတွင် ကျားဖြူ ကျားခေါင်းနှင့် လယ်သမားများ တွေ့ဆုံ ဆွေးနွေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် ကျားဖြူ ပါတီနှင့် ကျားခေါင်း ပါတီ ပူးပေါင်း၍ မြို့နယ် တောင်သူ လယ် သမား များ တွေ့ဆုံ ပွဲကို အောက်တိုဘာလ ၂၃ရက်နေ့က ပြုလုပ်ခဲ့ပြီး တောင်သူ လယ်သမားများ ပိုမို စည်းရုံး ကြဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းတင်ဦး၊ ကျားဖြူပါတီ ဒုဥက္ကဌ ဆရာစောလှ ၊  ကျားဖြူ ပါတီ အလုပ်အမှုဆောင်များ၊ ကျားခေါင်းပါတီ ဥက္ကဌ စိုင်းလိန်မြတ် နှင့် မြို့နယ်အလုပ်အမှုဆောင်များက တောင်သူ လယ်သမားခေါင်းဆောင်များအား တရွာ ၂ ယောက်စီခေါ်ယူပြီး  နမ့်ခမ်းမြို့နယ် မန့်နောင်ရွာတွင်တွေ့ ဆုံ ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။

Nam Kham meeting

“၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က နမ့်ခမ်းမြို့နယ်ထဲကလယ်သမားတွေကို လာပြီးစည်းရုံးဟောပြော တယ်။ ရွေးကောက်ပွဲပြီးရင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်။ ဒါပေမယ့်အခုချိန်အထိ လယ်သမား တွေ ဘက်က ရပ်တည်ပေးနေတာက ကျားဖြူနဲ့ ကျားခေါင်းပါတီဘဲရှိတယ်လေ။ အဲဒီအကြောင်းတွေကို ခု လယ်သမားတွေ နားလည်သဘောပေါက်သင့်ပြီ။ စည်းလုံးသင့်ပြီ။”  ဟု ကျားခေါင်းပါတီ ဥက္ကဌ စိုင်းလိန်မြတ် ကပြောသည်။

 နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားများအဖွဲ့ ဥက္ကဌ စိုင်းယီထွန်းက “ ကျနော်တို့နမ့်ခမ်းမှာ တခြားဒေသ ကလာတဲ့ တောင်သူလယ်သမားအဖွဲ့တွေနဲ့တခြားသောအဖွဲ့အစည်းတွေက နမ့်ခမ်းက တောင် သူလယ်သမား တွေ ကိုလာပြီးစည်း ရုံးနေတာတွေရှိတယ်။  ဒါပေမယ့် ဒီက တောင်သူလယ်သမား တွေ သိထားဖို့က ကိုယ့်မြို့ နယ်ကိုချစ်မြတ်နိုးဖို့ ကိုယ့်အဖွဲ့ အစည်းအပေါ် သစ္စာရှိဖို့ ပေါ့။ အဲဒီအတွက် ပြန် လည်တွေ့ဆုံ ဆွေးနွေးကြတာပါ” ဟု ဆိုပါသည်။

အလားတူ ကျားဖြူပါတီ ဒုဥက္ကဌ ဆရာစိုင်းစောလှကလည်း တောင်သူလယ်သမားများအား ယခင်ကထက်ပိုမို၍ စည်းလုံး ညီညွတ်ကြရန်၊ မိမိတို့အနေဖြင့်လည်း တောင်သူလယ်သမားများအခွင့်အရေး ဆက်လက်တောင်းဆို သွားမည်ဖြစ်ကြောင်း  ပြောဆိုသည်။

အဆိုပါ အစည်းအဝေး၌ တောင်သူလယ်သမားများက  စည်းလုံးညီညွတ်ရေး အတွက် ခိုင်မြဲစွာလက်တွဲသွား မည်ဖြစ်ကြောင်း ဆုံးဖြတ်ကြပြီး လူပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့ကလည်း နမ့်ခမ်းမြို့တောင်သူလယ်သမားများအား နမ့်ခမ်းမြို့ ရှိ ကျားဖြူ နှင့် ကျားခေါင်းပါတီ တို့က ဦးဆောင်ကာ သတ္တုတူးဖော်မှုကြောင့်လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ရသည့် အပေါ်  ကုမ္မဏီများအားဆန္ဒပြခြင်းနှင့် အဆိုပါပြသနာများ ဖြေရှင်းပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာပေးပို့မှုပြုလုပ်ခဲ့သည်။