SSPP/SSA ၏ မူစယ် နမ့်ခမ်း ရုံးတာဝန်ခံအား စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်ရောက် မေးမြန်း

SSPP/SSA ၏ မူစယ် နမ့်ခမ်း ရုံးတာဝန်ခံအား စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်ရောက် မေးမြန်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ် နှင့် နမ့်ခမ်း မြို့ ရှိ သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် စီးပွားရေး တာဝန်ခံ ရုံးအား အောက်တိုဘာလ ၂၆ရက်နေ့တွင် အစိုးရ ၏ စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ရှောင်တခင် ရောက်ရှိ ကာ အကြောင်း အမျိုးမျိုး မေးမြန်း ခဲ့သည်ဟု သိရသည်။

အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ အချိန်ခန့်တွင် မူစယ်မြို့ စရဖ ဗိုလ်ကြီးစိုင်းထက်ပြည့် စုံအောင်၊ တပ်ကြပ်ကြီး ဇာနည်က မူစယ်မြို့ SSPP/SSA စီးပွားရေးတာဝန်ခံရုံးအား လည်းကောင်း၊ နမ့်ခမ်းမြို့ တပ်ဆွယ်မှူး၏ တပည့်ကလည်းSSPP/SSA  ရုံးတာဝန်ခံ၏ ကိုယ်ရေးအကျဉ်းကိုပါပေးရန် နှစ်ကြိမ် တိုင်တိုင် သွားရောက်မေးမြန်းခဲ့သည်ဟု ပြောသည်။

 “အရင်ဆုံးက ဦးစိုင်းကျန် နဲ့ ဦးစိုင်းနု ဘယ်သွားလဲတဲ့။ ပြီးတော့ ခင်ဗျားတို့ ဒီရုံးဖွင့်တာ ဘယ်သူ့ ခွင့်ပြုချက်နဲ့ဖွင့်ထားလဲတဲ့။ ဘာလုပ်မလဲမသိဘူး။ သဘောရိုးတော့မဖြစ်နိုင်ဘူး။ နမ့်ခမ်းရုံးကိုလဲ နှစ်ကြိမ် သွားတယ်။ ရုံးတာဝန်ခံဘယ်သူလဲ၊ ကိုယ်ရေးအကျဉ်းပေး စသဖြင့် တောင်းတယ်” တရုတ်နယ်စပ်ရောက် SSPP/SSAအရာရှိကြီးတစ်ဦးကပြောသည်။

ထောက်လှမ်းရေးအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက မူ အထက်အမိန့်အရ စစ်ဆေးမေးမြန်းမှုပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။ 


ဆက်ဆံရေးရုံးများဖွင့်လှစ်ရာတွင် နေပြည်တော် အစိုးရ အပါဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ် ဆောင်ရေး လုပ်ငန်းကော်မတီ ဉက္ကဌ များဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးသိန်းဇော် တို့ထံလည်း ခွင့်ပြုချက် တောင်း ရသည်ဟု ဆိုသည်။

အောက်တိုဘာ ၁၈ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ် ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဉက္ကဌ - ၂ ဦးသိန်းဇော်က မည်သည့်မြို့ တွင်မဆို ဆက်ဆံရေးကိုယ်စားလှယ်ရုံးထပ်မံဖွင့်လှစ်လိုသည့် ဆန္ဒရှိလျှင် ဖွင့်လှစ်နိုင်သည့်အကြောင်း လားရှိုးမြို့ ရမခ စစ်တိုင်းရုံး ရွှေလီခန်းမ ၌ တွေ့ဆုံစဉ် သျှမ်းပြည်တိုး တက် ရေးပါတီ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်အား ပြောပြထားသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSAသည် မြန်မာ အစိုးရ နှင့် ပြည်ထောင် စု အဆင့်ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးထားသော်လည်း ‘တပ်စခန်း ဖယ်ပေးခြင်းမရှိဆိုသည့် အကြောင်း ပြချက်ဖြင့် ’မကြာခဏ အင်အားသုံး တိုက်ခိုက်ခြင်းခံရသည်။ 


တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ရာဂဏန်းလည်းနေရပ်မှ စွန့်ခွာ ထွက်ပြေးနေရသည်။