၇ ယောက်မြောက် ဆုစန္ဒီဆု တာချီလိတ်က မြေယာ အရေး လှုပ်ရှားသူ သားဖွား ဆရာမ ရရှိ

၇ ယောက်မြောက် ဆုစန္ဒီဆု တာချီလိတ်က မြေယာ အရေး လှုပ်ရှားသူ သားဖွား ဆရာမ ရရှိ
by -
သျှမ်းသံတော်ဆင့်

တာချီလိတ် မြို့နယ် နားဟိုင်း လုံဒေသ ရွှေတူးဖော်မှုကြောင့်  လယ်ယာမြေများ ပျက်စီး ဆုံးရှုံးခဲ့ရသည့် လယ်သမားများ အတွက် အခွင့်အရေး တောင်းဆို ပေးသည့် လူငယ် ဆရာမ နန်းလာအား ၂၀၁၄ ခုနှစ်အတွက် ဆုစန္ဒီ ဆုရှင် အဖြစ် ရွေးချယ် အပ်နှင်း ပေးခဲ့သည်။

သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ် ဆုစန္ဒီမှ ချီးမြင့်သော Sao Thusandi Leadership Award   ဆုစန္ဒီ ခေါင်းဆောင်ဆုသည် ကိုယ်ကျိုး စွန့် အနစ်နာခံ သူ သျှမ်းလူငယ် များအား တစ်နှစ်လျှင်တဦးရွေး ချယ်ကာ ဆုလက်မှတ်နှင့်အတူ ငွေသား အဖြစ် အမေရိ ကန် ဒေါ်လာ ၃၀၀၀ ချီးမြှင့်သည်။

Nang Kong Tip

ဆရာမ နန်းလာ (နန်းကောင်တစ်) အား ဆုချီးမြင့်သည့်အခမ်းအနားကို ထိုင်း - မြန်မာနယ်စပ်တနေရာ တွင်ကျင်းပရာ၊ ဆုအပ်နှင်းရေးကော်မတီဝင် ဒေါက်တာဝစ်၊ အားဂျန်ဖိစ်ဖား၊ နန်းစံတောင်း၊ ကျားခေါင်း ပါတီဝင်များ၊ လွန်ခဲ့သည့်နှစ်များက ဆုရှင်များဖြစ်ကြသည့် စိုင်းဖူးမိန်း၊ ဆရာစိုင်းပေတ၊ နန်းမွန်းကိန် နှင့် ပြည်တွင်းပြည်ပမှ တက်ကြွလှုပ်ရှားသူလူငယ်များ ၁၀၀ နီးပါး တက်ရောက် အားပေးခဲ့သည်။

တာချီလိတ်ခရိုင် မိုင်းလင်း အုပ်စုသားများအား ထိခိုက် နစ်နာမှု ဖြစ်စေသည့် ရွှေ တူးဖော်ရေး လုပ်ငန်းများ ချက်ချင်း ရပ်ဆိုင်း ပေးရန်နှင့် နားဟိုင်းလုံဒေသခံလယ်သမားများ၏ လယ်ယာမြေများ ပျက်စီး ဆုံးရှုံးမှု များကို ပြန်လည်လျော်ပေးရန် ဆရာမနန်းလာက ဦးဆောင်ဦးရွက် တက်ကြွလှုပ်ရှားတောင်းဆိုသည့် အပြင် ဒေသအတွင်း လူထုကျန်းမာရေး၊ ကလေးကျန်းမာရေး၊ မွေးမိခင်များကျန်းမာရေးအတွက် နေ့မအား ညမအား စေတနာရှေ့ထား ၍ လူထုတာဝန်များအား မိမိအသိစိတ်ဖြင့် ကိုယ်ကျိုးစွန့် ဆောင်ရွက်သောကြောင့် ဆုအပ်နှင်းခြင်းဖြစ်ရသည်ဟု အင်ဂါဆာဂျင့် (ခေါ်) သီပေါစော်ဘွားမဟာဒေဝီ စဝ်ဆုစန္ဒီက အမေရိကန်နိုင်ငံမှ သဝဏ်လွှာပေးပို့သည်။

ဆရာမနန်းလာဦးဆောင်သော တောင်သူလယ်သမားအဖွဲ့သည် ဂျူလိုင်လကလည်း သျှမ်းပြည်နယ်အစိုးရ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး စိုင်းအိုက်ပေါင်း နှင့်လည်းတွေ့ဆုံကာ ရွှေတူးဖော်ရေး စီမံကိန်း ကြောင့်  ရွာသားများထိခိုက်နစ်နာမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထိုနောက်ပိုင်း သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး စိုင်းအိုက်ပေါင်းက ရွှေတူးဖော်သည့်နေရာအထိ ကွင်းဆင်းကြည့်ရှုကာ ကုမ္မဏီများအား ရွှေတူးဖော်မှုမှ ချက်ချင်းရပ်တန့်ရန်နှင့် ပျက်စီးဆုံးရှုံးလယ်မြေ များ အား ပြန်လည်ပေးလျော်ရန် ညွှန်ကြားခဲ့သည်။ သို့သော်လယ်သမားများယနေ့တိုင် လျှော်ကြေးအပြည့်အဝ မရသည့်အပြင် ရွှေတူးဖေါ်ရေးလုပ်ငန်းရှင် ကုမ္ပဏီများက ရွှေများအားနေ့စဉ်တူးဖေါ်နေဆဲဖြစ်သည့်အတွက် မိမိဒေသအရေးအတွက် ဆက်လက်တောင်းဆိုသွားရမည်ဟု ဆရာမနန်းလာက ပြောသည်။

Burma Lifeline ဥက္ကဋ္ဌ စဝ်ဆုစန္ဒီ သည် ၁၉၃၂ ၌ မွေးဖွားခဲ့၏။ သြစတေးလျနိုင်ငံသူ ကက်တလစ် ဘာသာဝင်ဖြစ်ပြီး ယခုအခါ ဗုဒ္ဓသာသာကိုးကွယ်လျှက်ရှိသည်။ နာမည်ရင်းမှာ Inge Eberhard ဖြစ်သည်။ ၁၉၅၁ ၌ အမေရိကန် မှပေး သော Fulbright Scholarship ရရှိသဖြင့် ကျောင်းတက်စဉ် သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် တွေ့ဆုံခဲ့ပြီး ၁၉၅၄ တွင် သျှမ်းပြည်သီပေါသို့ အပြန်လိုက်လာကာ လက်ထပ်ထိမ်းမြှား ခဲ့သည်။

၁၉၆၂ တွင် စဝ်ကြာဆိုင် ဖမ်းဆီးခံခဲ့ရပြီး ပျောက်ချင်း မလှ ပျောက်သွား သဖြင့် စဝ်ဆုစန္ဒီ လည်း ၁၉၆၄ တွင် သြစတေးလျသို့ပြန်သွားခဲ့သည်။ ၁၉၆၆ တွင် အမေရိကန်၌ ကျောင်းဆရာမ အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ၌ ပင်စင်ယူခဲ့သည်။ ၁၉၆၈ တွင် Tad Sargent နှင့်လက်ထပ်ခဲ့၏။ ၁၉၉၄ တွင် Twilight Over Burma (မှုန်ရီဆိုင်း တိုင်းမြန်မာ) စာအုပ်ရေးသား ထုတ်ပြန်ခဲ့ပြီး ၁၉၉၅ မြန်မာပြည်မှ ဒုက္ခသည်များအားကူညီရန် Burma Lifeline အဖွဲ့ကို ဖွဲ့စည်း ထူထောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိသျှမ်းပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များအား စတင်ကူညီခဲ့သည်။

Most read this week