ပြည်လုံးကျွတ် အပစ်ရပ်ရေးမှာ စံပြ ဖြစ်ရန် ဝ နှင့် မိုင်းလားအား ဦးသိန်းဇော် ပြော

ပြည်လုံးကျွတ် အပစ်ရပ်ရေးမှာ စံပြ ဖြစ်ရန် ဝ နှင့် မိုင်းလားအား ဦးသိန်းဇော် ပြော
by -
သျှမ်းသံတော်ဆင့်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ၂ ၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဇော်နှင့် အဖွဲ့သည် သျှမ်းပြည် အရှေ့ပိုင်း မိုင်းလားမြို့၌ တစ်ညအိပ် ခရီး ရောက်ရှိကာ ၀ နှင့် မိုင်းလား တပ်ဖွဲ့အား တွေ့ဆုံ၍ ငြိမ်းချမ်းရေး အတွက် စံပြ ဖြစ်ရန် တိုက်တွန်း စကား ပြောဆို လိုက်သည်။

ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ အောက်တိုဘာ ၂၂ ရက်နေ့ ရောက် ရှိခဲ့ပြီး အောက်တိုဘာလ ၂၃ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံသို့ ခရီးလှည့်ပြန်ကြောင်း၊ မိုင်းလား၌ ဦးသိန်းဇော် အား အထူးဒေသ ၄ မိုင်းလား အဖွဲ့ခေါင်းဆောင်များနှင့်အတူ ပန်ဆန်းမှ လာသည့် ရှောက်မင်လျန်ခေါင်းဆောင်သည့် အထူးဒေသ (၂) ဝ ခေါင်းဆောင် များက လက်ခံတွေ့ဆုံကြောင်းသိရသည်။

UTheinZaw1

ထိုတွေ့ဆုံပွဲတွင် ဦးသိန်းဇော်က ဝ နှင့် မိုင်းလား တပ်ဖွဲ့ခေါင်းဆောင်များအား ‘ ဝ နဲ့ မိုင်းလားက စံပြအဖွဲ့ တွေဘဲ တခြားလက် နက်ကိုင်တပ်ဖွဲ့တွေထက် ပထမဦးဆုံးအပစ်အခတ်ရပ်တယ်။ အဲဒီ့ကတည်းက တပ်မတော်နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေမရှိခဲ့ဘူး၊ ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းကြပါ။ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာလဲ မိုင်းလား နဲ့ ဝ တပ်ဖွဲ့ကို  စံပြဖြစ်စေချင်တယ်’  ဟု ပြောကြားကြောင်း အမည်မဖေါ် လို သူ တစ်ဦးကပြန်လည်ပြောသည်။

ထို့အပြင် ဦးသိန်းဇော် က ၀ နှင့် မိုင်းလားတပ်ဖွဲ့အား တပ်မတော်မှ ချမှတ်သည့် ငြိမ်းချမ်းရေးမူ ၆ ချက် ကို လိုက်နာကျင့်သုံးရန်၊ စီးပွားရေးလုပ်ငန်း စိတ်ကြိုက်လုပ်ဆောင်နိုင်ကြောင်းနှင့် မိုင်းလား ဒေသ အား ခရီးသွားနယ်မြေအဖြင့် မြှင့်တင်ရန် ဆက်လက်တိုက်တွန်းပြောဆိုကြောင်း သိရသည်။

“ဒီလိုပါ သူက လားရှိုးမှာ SSPP  နဲ့ တွေ့တဲ့အကြောင်းရှင်းပြတယ်။ ဝ ဘက်ကတော့ ကရင် DKBA နဲ့ သျှမ်း SSPP/SSA ကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပေါ် တော်တော်ကို ဘဝင်မကျဘူး။ ဒီကိစ္စ ဘယ်လိုဖြစ်ရတာလဲလို့  မေးကြတယ်။ ကျနော့်အမြင်ကတော့ NCCT နဲ့ UPWC တွေ့ဆုံဆွေးနွေးတာ သိပ် အလား အလာမကောင်းဘူး။ ဒါကြောင့် သူတို့က SSPP - UWSA - NDAA-ESS မိုင်းလား တို့ကို တခါတည်း စုပေါင်း အပစ်ရပ် လက်မှတ်ထိုးစေချင်တာ။ ပြည်လုံးကျွတ်အပစ်ရပ်အတွက် ဦးဦးဖျားဖျား စံပြ ဖြစ်စေ ချင်တာ။ NCCT ကို လုပ်ပြစေချင်နေတာ သူတို့က” ဟု အဆိုပါအကြီးအကဲ ကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မ တော် သျှမ်းပြည်အရှေ့အပိုင်း NDAA- ESS နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့သည် စစ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည်။ သုံးဖွဲ့လုံးမှာ ပြည်ထောင်စုအစိုးရနှင့် အပစ်အခတ်ရပ် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များလည်းဖြစ်သည်။