သျှမ်း ဧကရာဇ် စဝ်ဆေခန်ဖှ၏ အင်ပါယာ နန်းတော် ၂၀၁၅ တွင် အပြီး တည်ဆောက်မည်

သျှမ်း ဧကရာဇ် စဝ်ဆေခန်ဖှ၏ အင်ပါယာ နန်းတော် ၂၀၁၅ တွင် အပြီး တည်ဆောက်မည်
by -
သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံ ရွှေလီမြို့ ရွှေလီ မြစ်ကမ်း ဘေးရှိ ကောင်းဟော်ခမ်း (ရွှေနန်းတော်ကုန်း) ၌ တည် ဆောက်နေသော သျှမ်း ဧကရာဇ် စဝ်ဆေခန်ဖှ၏ အင်ပါယာ နန်းတော်မှာ မျှော်မှန်းထား သလောက်  မပြီး သေးသော်လည်း ၂၀၁၅ တွင် အပြီး တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

စဝ်ဆေခန်ဖှ၏ အင်ပါယာနန်းတော်ကို ဆရာတော် ဦးဝိသုဒ္ဓိဉာဏ ခေါ် စဝ်တင်းတိုင်း ဦးဆောင်ဦး ရွက်ကာ ရွှေလီဒေသအုပ်ချုပ်ရေးနှင့် စေတနာရှင်တဦးတို့ ပူးပေါင်းပြီး ၂၀၁၁ ဂျွန်လဆန်းပိုင်း က စတင် တည်ဆောက်ခဲ့သည်။

Hsur Kharn Fah Palace

“အစက ၂၀၁၄ အတွင်း အပြီးတည်ဆောက်မယ်လို့ ရည်ရွယ်ထားတယ်။ ဒါပေမဲ့ အခုထိ ရ၀ %  လောက်ဘဲ ပြီးသေးတယ်။ အဓိကအကြောင်းရင်းကတော့ နန်းတော်ကို ဘယ်လိုအလှဆင်မယ်၊ ကျောင်းဆောင်တွေကို ဘယ်လိုပုံစံယူမယ်၊ ဘယ်လိုအလှဆင်မယ်ဆိုတာတွေကို ဆွေးနွေးတဲ့ အခါမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့ အချိန်အများကြီးယူရတယ်။ ပြီးစီးနိုင်မဲ့အချိန်ကို ပြောဖို့ခက်တယ်။ ၂၀၁၅ ထဲမှာတော့ အပြီးဆောက်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဆရာတော် ဦးဝိသုဒ္ဓိဉာဏ က မိန့်တော်မူသည်။

နန်းတော်၏ အရှေ့ဘက်တွင် ဉာဏ်တော်အမြင့် ၂၂၇ ပေရှိ စေတီတဆူ တည်ထားကိုးကွယ်ပြီး မြောက်ဘက် တွင် သျှမ်းရိုးရာအစားအစာနှင့် ယဉ်ကျေးမှုပြတိုက်၊ အနောက်ဘက်တွင် ဗုဒ္ဓဘာသာ စာသင်တိုက်တို့ကို တည်ဆောက်နေဆဲဖြစ်သည်။

Hsur Kharn Fah Palace 2

တဖက်၌လည်း ဗုဒ္ဓဘာသာဝင်များ ဘာသာရေးအတွက် ဆက်သွယ်ဆောင်ရွက်ရန် ရွှေလီမြို့ရှိ သမိုင်းဝင် စဝ်ဦးတိန်ကုန်းပေါ်၌ ကျောင်းဆောင်ထပ်မံတည်ဆောက်မှာဖြစ်ကြောင်း ဆို၏။

“စဝ်ဦးတိန်ကုန်းပေါ်မှာ ထပ်ဆောက်ဖို့အတွက် ဆွေးနွေးလာတာတော့ ၁ နှစ်ကျော်ပါပြီ။ ၂၀၁၅ နှစ်ဦးပိုင်းမှာ စ− ဆောက်မယ်လို့ ရည်ရွယ်ထားတယ်။ လူ ၁၀၀၀ ကျော် ဝင်ဆန့်နိုင်အောင် ရည်ရွယ် ထားတာကြောင့် ကျောင်းဆောင်တွေလည်း များမယ်”  ဟု ဆရာတော်က မိန့်တော်မူသည်။

စဝ်ဆေခန်ဖှ၏ နန်းတော် တည်ဆောက်နေသည့် ကောင်းဟော်ခမ်းမှာ ရွှေလီမြို့အရှေ့တောင် ဘက် ၂ မိုင်ခန့်အကွာ ဝမ့်ပန်ပုံအနီး ရွှေလီမြစ်ကမ်းဘေး၌ တည်ရှိသည်။