တပ် ရုပ်မည်ဟု ရလခ တိုင်းမှူး ပြောသော်လည်း စစ်ရေး ပြင်ဆင်မှု ဆက်လုပ်နေ

တပ် ရုပ်မည်ဟု ရလခ တိုင်းမှူး ပြောသော်လည်း စစ်ရေး ပြင်ဆင်မှု ဆက်လုပ်နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် တာ့ဖါဆောင် တပ်စခန်းအား သျှမ်းပြည် တပ်မတော်မှ တပ်ဆုတ် လိုက်သည့် နောက်ပိုင်း အစိုးရ တပ်များလည်း တပ်ဆုတ်မည်ဟု လားရှိုး တွေ့ဆုံပွဲတွင် ရလခ တိုင်းမှူး ကတိ ပေးသော်လည်း တပ်များ မဆုတ်သေးဘဲ အင်အား ထပ်ဖြည့် နေသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၀ ရက်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ တောင်ကြီး လက်အောက်ခံတပ်ရင်း များက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှတဆင့် သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ အနီးသို့ စစ်ယာဉ်တန်း ၁၀ စီးထက်မနည်း၊ စစ်သည်အင်အား ၂၀၀ ကျော် ပို့ဆောင်နေသည်ဟု ဒေသခံ များကပြောသည်။

mm soldier

“အခုက တအားထူးခြားတယ်။ အင်အားဖြည့်လာတဲ့ ဗမာတပ်က စစ်ကားကြီးနဲ့ မဟုတ်တော့ဘူး၊ ဆောက် လုပ်ရေးကာနဲ့လာတား၊  စစ်ယူနီဖေါင်းလည်းမဝတ်ဘူး၊  အရပ်ဝတ်နဲ့လာတာ၊  သေနတ်လဲ ဖွက်လာတယ်။ လားရှိုးဘက်က လာတာလဲဒီလိုဘဲ။  ခိုလမ်ဘက်ကနေလာတာလဲဒီလိုဘဲ” -  ဟု ခလရ ၂၈၆ မိုင်းနောင်နှင့်နီးစပ်သည့် သူတစ်ဦးကပြောသည်။

ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စု တာ့ဖါဆောင်တပ်စခန်းတွင်လည်း အစိုးရတပ် အစားထိုးတပ် ချ နေကြောင်း၊ တပ်ဆုတ်မည့်အလားအလာမမြင်ရသည့်အပြင် ဒေသခံများအား သစ်၊ ဝါး၊ သက်ကယ် နှင့် လုပ်အားများ ပေးရန် နေ့စဉ်ဆင့်ဆိုနေကြောင်း ဒေသခံများကပြောသည်။

“ရလခ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်ကပြောတယ်။  တာ့ဖါဆောင်ကို လာတိုက်တဲ့ တပ်စခန်းတွေ ဆုတ် ပေးမယ် တဲ့။ တပ်ရင်း နှစ်ရင်း ဝင်ပြီး ၅ ရင်းထွက်မယ်တဲ့။ ပြန်ထွက်မဲ့အလား အလာမရှိဘူး။ တပ်စခန်း တွေ ခံတုတ် ကျင်းတွေတောင် ပြင်ဆင်နေသေးတယ်။ မိုင်းရှူးဘက်မှာလဲ မိုင်းအွတ်ဘက် စစ်ယာဉ် တန်းကား ၁၀ စီးသွားတယ်။ တန့်ယန်းဘက်ကတော့  ၁၇ ရက်နေ့ကတည်းက ၆ စီးဆင်းလာတာ တွေရှိတယ်” ဟု ရှေ့တန်းတပ်မှူး တစ်ဦးက ပြောသည်။

ရလခ တိုင်းရုံးလက်အောက်ခံ စစ်ဗျူဟာကမူ - ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာအုပ်စု တာဖါဆောင်၊ ပန်စယ့်၊ လွယ်ရွဲ ဒေသ အတွင်းကနေ ၅ ရက်အတွင်း တပ်များအားလုံးဆုတ်ပေးရန်၊ တပ်ဆုတ်ပေးခြင်း မရှိက ပြင်းထန် သည့် တိုက်ပွဲဆင်နွဲတိုက်ခိုက်မည်ဟု SSPP/SSA အား ခြိမ်းခြောက်ထားသည်ဟု ဌာန ချုပ်ရုံးအရာရှိ ဗိုလ်မှူး တစ်ဦးကပြောသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသည် မှာ သုံးနှစ်ရှိတော့မည်ဖြစ်သော်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်တန့်နိုင်ခြင်းမရှိသေးဘဲ နယ်မြေကျူးကျော် အခြေချမှုဟု စွပ်စွဲကာ စခန်းသိမ်းတိုက်ပွဲများ အစိုးရတပ်မတော်ဘက်မှ ပြုလုပ်နေဆဲဖြစ်သည်။