သျှမ်းပြည် မြောက်ပိုင်း ရမခ စစ်တိုင်းရုံး အခြေစိုက် လားရှိုး၌ မြန်မာ အစိုးရ ကိုယ်စားလှယ် ဦးသိန်းဇော် ခေါင်းဆောင်သော အဖွဲ့နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA ကိုယ်စားလှယ် တို့ ယနေ့ တွေ့ဆုံ စဉ် ဝမ့်ဟိုင်း ဌာနချုပ် ဘက်သို့ အစိုးရ တပ်များ အင်အား ထပ်ဖြည့်နေ သည်ဟု ဆိုသည်။
အောက်တိုဘာ ၁၈ ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ၂ ဦးသိန်းဇော်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်အောင်စိုး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ကိုကိုနိုင်နှင့် သျှမ်းပြည်တပ်မတော် အထွေ ထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံစဉ် သျှမ်းပြည်တပ်မတော်ဘက်သို့ အစိုးရတပ်များ အင်အား တိုးဖြည့်လာနေသည်ဟု မျက်မြင်များကပြောသည်။
“ကျေးသီးမြို့နယ် ပန်စေ့ကျေးရွာအုပ်စုထဲမှာရှိတဲ့ ကျနော်တို့တပ်တွေကိုဆုတ်ပေးဖို့ပြော တယ်။ လားရှိုးတွေ့ဆုံပွဲမှာလဲ ဒီအတိုင်းဘဲ ဖိအားပေးပြောမှာဘဲ။ မရွှေ့ရင်တိုက်မယ် ဆိုတဲ့ သဘော အင်အားထပ်ဖြည့်ပြနေတယ်။ လားရှိုးဘက်က စစ်အင်အားအပြည့် တင်ဆောင်သည့် ကားက ၆ စီး၊ စစ်ဆင်မှုကွပ်ကဲရေး စကခ ၂ ဘက်က စစ်ကားတွေလဲ ထပ်လာနေတယ်” ဟု သျှမ်းပြည်တပ်မတော် ပြန်ကြားရေး အရာရှိ တစ်ဦးကပြောသည်။
တန့်ယန်းမြို့ခံ လုံးစိုင်းလုံကလည်း စစ်သည်အပြည့်တင်ဆောင်သည့် အစိုးရတပ် အင်အား ၅ စီး ထက်မနည်း တန့်ယန်းမြို့ လွယ်လန်း ဘက်သို့ ဦးတည်သွားသည်ဟု ဆိုသည်။
မြန်မာအစိုးရတပ်မတော်သည် သျှမ်းပြည်တပ်တော် SSPP/SSA ၏ ကျေးသီးမြို့နယ် ပန်စေ့ ကျေးရွာအုပ်စု၊ တန့်ယန်းမြို့နယ် လွယ်လန်း နှင့် နမ့်ဆီကျိန် ဒေသအတွင်းရှိ လှုပ်ရှားတပ်များ၊ တပ်စခန်းများ ဆုတ်ပေးရန် ပြောကြားထားသည်။
သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရ တပ်တို့သည် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး ထားကြ သော်လည်း နှစ်ဘက်ခေါင်းဆောင်များတွေ့ဆုံစဉ် မြန်မာ့တပ်မတော်ဘက်က စစ်အင် အားဖြည့်ကာ တပ်စခန်း တက်သိမ်းလေ့ရှိသည်။ယနေ့တိုင်တိုက်ပွဲပေါင်း အကြိမ် ရာနှင့်ချီ ဖြစ် ပွါးနေဆဲဖြစ်သည်။