အစိုးရ စစ်တပ်နှင့် KIA တပ်ရင်း ၆ တို့ အကြား အငြင်းပွား နယ်မြေမှ ရွာသားများအား တခြားသို့ တိမ်းရှောင် ခွင့်မပြု

အစိုးရ စစ်တပ်နှင့် KIA တပ်ရင်း ၆ တို့ အကြား အငြင်းပွား နယ်မြေမှ ရွာသားများအား တခြားသို့ တိမ်းရှောင် ခွင့်မပြု
by -
သျှမ်းသံတော်ဆင့်

အစိုးရ စစ်တပ်နှင့် KIA တပ်ရင်း ၆ တို့ အကြား နယ်မြေ အငြင်းပွားရာ ဒေသဖြစ်သည့် ဖားကန့်မြို့နယ် ကင်ဆီဆိုင်း ရာဒေသ  အောင်ဘာလီ ကျေးရွာ ဒေသရှိ ဒေသခံ များအား အစိုးရ စစ်တပ်မှ တခြား ဒေသသို့ ထွက်ပြေးခွင့် မပြုကြောင်း  ကချင် ငြိမ်းချမ်းရေး ကွန်ယက် ဒေါ်ခေါန်ဂျာက ပြောသည်။

“ရွာထဲကိုအကုန်ပြန်ဝင်ခိုင်းတယ်”ဟု ၎င်းက ဆိုသည်။ အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီခန့်က အစိုးရစစ်တပ်နှင့်ဖားကန့်ဒေသခံ ဘာသာရေးဆရာများ နှင့်တွေ့ဆုံပြီး ရွာသားများရွှေ့ပြောင်းရေးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းခဲ့ကြောင်း အောင်ဘာလီ ကျေးရွာဥက္ကဋ္ဌ  ဦးအားချူ ကပြောသည်။

ရွာသားများ ထွက်မပြေးရန်နှင့် ကျေးရွာကို ပြန်လည်ထိန်းသိမ်းရန် နှစ်ဖက်ညှိနှိုင်း ခဲ့ခြင်းဖြစ်ကြောင်း ဦးအာချူက ဆိုသည်။

တဖက်တွင်လည်း ရွာတွင်းသို့ အစိုးရစစ်တပ်ဝင်ရောက်အခြေချနေထိုင်မည်ကို  စိုးရိမ်လျက်ရှိကြောင်း ဒေသ ခံအချို့ က ဆိုသည်။

“အခုအခြေနေက ဗမာစစ်ကြောင်းက ဝင်ကိုဝင်မယ်လို့ပြောတယ်။ အောင်ဘာလီကို ဝင်လို့ရတယ် ပြန် ထွက်လို့မရတော့ဘူး။လမ်းတွေလည်းအားလုံး ပိတ်ထားတယ်”  ဟုအမည်မဖော်လိုသူ တစ်ဦး ကပြောသည်။

 ဥရုမြစ်အရှေ့ဘက်ခြမ်းရှိ အောင်ဘာလီကျေးရွာအနီးတဝိုက် တပ်စွဲထားသော KIA တပ်များ  ဖယ်ရှားရန် အစိုးရစစ်တပ် တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတစ်ခုက အောက်တိုဘာလ ၁၄ ရက် တွင်နှုတ်ဖြင့် အကြောင်းကြားခဲ့ရာမှ ဒေသခံများ စိုးရိမ်မှုဖြစ်လာရခြင်းဖြစ်သည်။

ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ဒေသခံများတိမ်းရှောင်နိုင်ရန် ကျေးရွာအကျိုးပြုအဖွဲ့တစ်ခုဖြစ်သည့် ဖားကန့် အကျိုးဆောင်အဖွဲ့နှင့် ဘာသာရေးဆရာများက ကားများစီစဉ်ပေးမည်ဖြစ်ကြောင်း ဦးအာချူး ကဆိုသည်။

အောင်ဘာလီကျေးရွာတွင်အခြေချနေထိုင်သူ ၆၀၀ ၀န်းကျင်ခန့် ရှိသည်။