သျှမ်းပြည် တိုးတက်ရေး ပါတီ/သျှမ်းပြည် တပ်မတော် SSPP/ SSA နှင့် အစိုးရ တပ်မတော်ကြား တိုက်ခိုက်မှုသည် အစိုးရ တပ်မတော်က စစ်ရေး ပြင်ဆင်ကာ ထိုးစစ်ဆင် တိုက်ခိုက် နေခြင်း ဖြစ်ကြောင်း Pyidaungsu Institute (PI) မန်နေဂျင်း ဒါရိုက်တာ က ပြောကြား လိုက်သည်။
“အစိုးရစစ်တပ်က အပစ်ရပ်သဘောတူစာချုပ်ကို မလိုက်နာဘူး။ SSPP/SSA နဲ့ အစိုးရတပ်တို့ ပက်ပင်တိုးမိလို့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ အစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ် တယ်” ဟု Pyidaungsu Institute (PI) မန်နေဂျင်းဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည်။
“သဲမုန်တိုင်းတိုက်တော့ ကုလားအုတ်က အာရပ်ရဲ့တဲထဲဝင်ဖို့ ခွင့်တောင်းတယ်။ အာရပ်က ကုလား အုတ်ဝင်လာရင် သူနေဖို့နေရာမရှိတော့တဲ့အတွက် မပေးဝင်ဘူး။ အသက်ရှူလို့ မရလောက်အောင် လေပြင်းထန်တဲ့အတွက် ခေါင်းလေးဘဲ ဝင်ပါရစေလို့ပြောပြီး ကုလားအုတ်က တိုးဝင် တယ်။ နောက် တော့ လည်ပင်းချမ်းတယ်ဆိုပြီး လည်ပင်းပါတဲထဲတိုးဝင်လာတယ်။ နောက်ဆုံးတော့ တကိုယ်လုံးပါ တိုးဝင်လာတော့ အာရပ်ဟာ နေလို့မရတော့လို့ ထွက်ပြေးရတယ်။ အစိုးရစစ်တပ်ရဲ့လုပ်ရပ်လည်း ဒီနည်းကို သုံးနေတယ်။” ဟု ပြောသည်။
အီစွတ်ပုံပြင်နောက်တပုဒ်က အပြစ်မရှိ အပြစ်ရှာသည့် ပုံပြင်ဖြစ်ကြောင်း၊ မြေခွေးတကောင်နှင့် သိုးငယ်တကောင် မြစ်ရေဆင်းသောက်ရာ၌ ဆုံမိစဉ် မြစ်ညာတွင် ရေသောက်နေသော မြေခွေးက သိုးငယ်ကိုစားချင်သဖြင့် သိုးငယ်က ရေနှောက်အောင်လုပ်သည်ဟု ပြောဆိုကြောင်း၊ သိုးငယ်က မိမိသည် မြစ်အကြေပိုင်းမှ ရေသောက်နေသည်ဖြစ်သဖြင့် ရေနှောက်သည်မှာ ၎င်းနှင့်မဆိုင်ဟု ပြန် လည်ပြောဆိုကြောင်း၊ သို့သော်မြေခွေးက ထပ်မံ၍ - လွန်ခဲ့သည့်နှစ်က ၎င်းအား သိုးငယ်က ဆဲဆို ဖူးသည်ဟု ပြောပြန်သဖြင့် သိုးငယ်က ယမန်နှစ်က သူ မမွေးသေးဟု ပြောဆိုကြောင်း၊ နောက်ဆုံး မြေခွေးက “နင်မဟုတ်ရင် ငါ့ကိုဆဲတာ နင့်အဖေ ဖြစ်ရမယ်” ဟု ပြောဆိုကာ ဖမ်းစားလိုက်ကြောင်း ဦးခွန်စိုင်း က ပြောပြသည်။
တိုင်းရင်းသားများ ငြိမ်းချမ်းရေးလုပ်ငန်း အတူတကွလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ Pyidaungsu Institute(PI)ရုံးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တရားဝင် ဖွင့်လှစ်ခဲ့သည်။