စစ်ဘေး ရှောင်များအတွက် ရံပုံငွေ ဂီတဖျော်ဖြေပွဲ မူစယ်တွင် ပြုလုပ်

စစ်ဘေး ရှောင်များအတွက် ရံပုံငွေ ဂီတဖျော်ဖြေပွဲ မူစယ်တွင် ပြုလုပ်
by -
သျှမ်းသံတော်ဆင့်

စစ်ဘေး ရှောင်သူများ အတွက် ရံပုံငွေရှိရန် ဂီတာဖျော်ဖြေပွဲတစ်ခုကို  သျှမ်းပြည် မြောက်ပိုင်း မူစယ် မြို့နယ် တွင် သျှမ်းစာပေ ယဉ်ကျေးမှု ကော်မတီက ကမက ထပြုကာ ၃ ရက်ကြာ ကျင်းပခဲ့ပါသည်။

အဆိုပါ ဂီတဖျော်ဖြေပွဲကို မူစယ်မြို့နယ် ရွှေသမင်ကျောင်းတိုက်တွင်ပြုလုပ်နေခြင်းဖြစ်ပြီး ရပ်နီးရပ်ဝေး မှမိတ်ဆွေများ လာ ရောက်အားပေးကူညီနိုင်ကြောင်း သျှမ်းစာပေယဉ်ကျေးမှုကော်မတီမှ အသင်းသား စိုင်းလိတ်က ပြော သည်။

Fund raising Mesu

“ကျနော်တို့ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ပွဲလုပ်ပါမယ်။ မနေ့က အလှူငွေ ကျပ်သိန်း ၃၀ လောက်ရ ပါတယ်။ တရုတ်ငွေက ယွမ်သုံးထောင်လောက်ရပါတယ်။ ဒီညနဲ့ နက်ဖြန် ည ၂ ညကျန်ပါတယ်။ ရပ်နီး ရပ်ဝေး ဒေသအသီးသီးကမိတ်ဆွေတွေကို ဖိတ်ခေါ်ပါ တယ်။ ဒီည ရွှေသမင်ကျောင်း (နန္ဒဝန် ကျောင်း တိုက်) မှာ ကန်တော့ပွဲရှိတယ်ဆိုတော့ တရက်လုံး ရံပုံငွေ အလှူငွေ လက်ခံပါ တယ်” -ဟု စိုင်းလိတ်က အောက်တိုဘာ ၁၀ရက်နေ့တွင် ပြောသည်။

ယခုကဲ့သို့ စစ်ဘေးသင့် ပြည်သူများအတွက် ရံပုံငွေရှာပွဲ ဖြစ်မြောက်ရေးအတွက် အဆိုတော်မှအစ တေးဂီတဝိုင်း စတိတ်စင် စားပွဲ ထိုင်ခုံ အားလုံး စေတနာဖြင့် ကူညီခဲ့ သည်ဟုဆိုသည်။

“ကျနော်တို့ အတွက်ဘာအကျိုးအမြတ်မှ မမျှော်လင့်ပါဘူး။ အခက်ခဲရင်ဆိုင်နေတဲ့ ကျနော်တို့ ရှမ်းပြည် သားတွေကို ကူညီချင် လို့ပါ။ အဆိုတော်တွေက မူစယ်က  လူငယ်တွေ နဲ့ နာမည်ကြီး အဆိုတော်တွေ ဖြစ်တဲ့ စိုင်းဆိုင်စွမ်ဖ စိုင်းဆိုင်စွမ်မောဝ် ယိင်းယိင်းခေး နန်းမွေဖောင် အွမ်ဟွမ်ဟတ် တွမ်ခေါဝ် ကင်းမ်ဟတ် တို့ပေါ့။ နန်းခမ်းနောင့်ကိုလည်း ဖိတ်ထားတယ် ခရီးထွက်နေလို့ ။  လားရှိုးက အဆိုတော် စိုင်းဖောင့်ဆိုင်မိန်း လည်း မူစယ်ကိုရောက်နေတယ်လေ။” ဟု သူက ဆက်ပြောသည်။

ပွဲဖြစ်မြောက်ရေးအတွက် စတိတ်စင်- စိုင်းလျန့်စိုင်း (မောက်ဆောင်းဟဟိန်)၊ ဗီနိုင်း- စိုင်းဆိုင်ဖွန်၊ ဒီဇိုင်း-ဆဲန်ပိုင်း မီဒီယာ၊ ဆိုင်ခန်း - စိုင်းဆမ်(ဟောင်ကောင်)၊ လျှပ်စစ်မီး- စိုင်းလောင်ခမ်း ၊ ဂီတတီးဝိုင်းဘလက် နစ်အဖွဲ့၊ စိုင်းကင်းဟတ်အဖွဲ့၊ စိုင်းခွန်စိုင်း အဖွဲ့ နှင့် စားပွဲ ကုလားထိုင်များကိုမူ စျေးတန်းရပ်၊ ပေါက် ဟောင်၊ ပေါက်စန်းနှင့် ရွှေသမင်ကျောင်း (နန္ဒဝန်ကျောင်း)မှ ပံ့ပိုးကူညီ ကြောင်း လှုပ်ရှားသူ လူငယ် တစ်ဦး ကပြောသည်။

“မနေ့ညက ပွဲက ၃၀၀ ကျော်လာတယ်။ ဒေသတွင်းရော တခြားနယ်ကရော နိုင်ငံရေးပါတီတွေရော လွှတ်တော် ကိုယ်စား လှယ်တွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေကိုလည်း ဖိတ်ကြားထားတယ်။ တချို့လည်းကြွရောက်အား ပေးကြ တယ်။ တချို့လည်း မတွေ့မိ သေးဘူး ။ ပွဲက ၂ ည ကျန်သေးတယ်ဆိုတော့ ။ အဓိကတော့ နိုင်ငံတော်အကြီးအကဲတွေက ငြိမ်းချမ်းရေးဆိုတဲ့စကား  နှုတ်ဖျားကမခွါ ပြောနေကြ ပေမယ့် လူထုမှာတော့ ငြိမ်းချမ်းရေးကြောင့်  ဒုက္ခရောက်နေတယ်ဆိုတာ ကမ္ဘာက သိအောင် ပြချင် တယ်။ တိုင်းရင်းသားတွေလည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးဘယ်တော့ရမလဲဆိုတဲ့မေးခွန်း သတိရအောင်၊ အချင်းချင်း ကူညီထောက်ပံ့ နိုင်အောင် ရည်ရွယ်ပါတယ်။ ဒီပွဲကရတဲ့ ရံပုံငွေအားလုံးကို ကျေးသီးမြို့နယ် ထဲက စစ်ပြေးဒုက္ခသည်တွေ ဆီကိုအားလုံးပေးပို့ ပါမယ်။” ဟု ပြောသည်။

ယခုပြုလုပ်သော စစ်ပြေးဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေပွဲသည် ဒုတိယအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၃ ခုနှစ် တွင် တစ်ကြိမ်ပြု လုပ်ခဲ့ ကြောင်း၊ ထိုစဉ်က ဂီတဖျော်ဖြေပွဲ မပြုလုပ်ခဲ့ရကြောင်း၊ တစ်အိမ်ဝင်ထွက်ပြီးသာ အလှူခံခဲ့ကြောင်း ၎င်းကပြောသည်။

ထိုသို့ ရရှိလာသောရံပုံငွေကို သျှမ်းပြည်သားအတွက်သာ မဟုတ်ဘဲ တိုင်းရင်းသားဒေသ အသီးသီးတွင် တိုက်ပွဲကြောင့် ရင်ဆိုင် ခံစားနေရသော  ပြည်သူလူထုများအားလည်း ကူညီထောက်ပံ့ပေးသွား မည်ဖြစ် ကြောင်း သျှမ်းစာပေယဉ်ကျေးမှုကော်မတီက ဆိုသည်။

သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မြန်မာအစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ကျေးလက်ဒေသခံထောင်ဂဏန်း နေရပ်မှ စွန့်ခွါကာ စစ်ဘေးရှောင်နေကြရသည်။