တပ်မတော် ထိုးစစ်ဆင်မှုကြောင့် သေဆုံး ရသည့် သျှမ်း လူထုအတွက် ဆုတောင်းပွဲသို့ ခွန်ထွန်းဦး တက်ရောက်

တပ်မတော် ထိုးစစ်ဆင်မှုကြောင့် သေဆုံး ရသည့် သျှမ်း လူထုအတွက် ဆုတောင်းပွဲသို့ ခွန်ထွန်းဦး တက်ရောက်
by -
သျှမ်းသံတော်ဆင့်

အစိုးရ တပ်မတော် ထိုးစစ် ဆင်မှုကြောင့် သေဆုံး သွားသည့် သျှမ်းပြည် အလယ်ပိုင်း လူထု အတွက် ချင်းမိုင်ရောက် သျှမ်းများက ကုသိုလ်ပြု  ဆုတောင်းပွဲ ကျင်းပရာ ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး နှင့် ဗိုလ်ချုပ် ဆေထင်တို့ အဖွဲ့တက် ရောက် ကြသည်။

အဆိုပါ ဆုတောင်းပွဲအား ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဝပ်ကူတောက်ဘုန်းကြီးကျောင်း၌ ကျင်းပရာ SNLD ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွှန့်လွင်၊ ပြောခွင့်ရ စိုင်းလိတ် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နာယက ဗိုလ်ချုပ်ဆေထင်၊ SSPP/SSA တပ်ဖွဲ့ဝင်ဟောင်း စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကိုင်ဖ တို့ ပါဝင် သော ၁၄ ဦးအဖွဲ့ တက်ရောက် ကြောင်း၊ သျှမ်းပြည်လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ၊ ငြိမ်းချမ်းရေးဆုရှင် နန်းစံတောင်း နှင့် ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

KTOinChiangMai

“သျှမ်းပြည်တပ်မတော်ကို အစိုးရ တပ်ဖွဲ့က ထိုးစစ်ဆင်လို့ ကျနော့်သူငယ်ချင်း စိုင်းကမ့်ခေး    ကင်မရာမဲန်း   အစိုးရတပ်က ပစ်လိုက်တဲ့ ၁၂၀ မမ ကြောင့် ကျဆုံးသွားတယ်။ ရွာထဲကို လက်နက်ကျလို့ ကျေးလက်ဒေသခံ နှစ်ဦးသေဆုံးတယ်။ လမ်းမှာလဲ သျှမ်းသူပုန်လို့ယူဆပြီး မြန်မာစစ်တပ်က သတ်လိုက်တာတွေလဲရှိတယ်။ ဒီကိစ္စ ကျနော်တို့ အချက်အလက်ထပ်စုနေတုန်း” ဟု ဆုတောင်းပွဲဖြစ်မြောက်ရေးတွင်ပါဝင်သည့် သျှမ်းလူ့အခွင့် အရေးဖေါင်ဒေးရှင်းက စိုင်းဆေဟန် ကပြောသည်။

သေဆုံးသွားသော စိုင်းကမ့်ခေးသည် သျှမ်းပြည်အမျိုးသားလူငယ်များကျောင်း SSSNY ၏ အပတ်စဉ် ၁၁ ကျောင်းသား တစ်ဦးဖြစ်သည်။ သေဆုံးသူ အသက် ၂၆ နှစ်အရွယ် စိုင်းကမ့်ခေးတွင်  ဇနီးနှင့် အသက် ၁ နှစ်အရွယ် သမီးလေး တစ်ဦးကျန်ရှိသည်။

အောက်တိုဘာ ၂ ရက်နေ့က အစိုးရတပ်မတော် စတင်ဆင်နွဲ သောတိုက်ပွဲတွင် လေယာဉ်ပစ် စက်သေနတ်ကြီး၊ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ  လက်နက်ကြီးများ အသုံးပြု တိုက်ခိုက် သော ကြောင့်  ကျေးရွာများအတွင်း ကျည်များကျရောက်ကာ ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စု ဝမ့်ငူးလိန်ရွာသား စိုင်းဝါလင်လူ အသက် ၅၃ နှစ် ၊ မိုင်းကောဝ်ကျေးရွာအုပ်စု မတ်ဟုရွာသား (ဦး) ပေါထောဝ့်အု အသက် ရ၇ နှစ် တို့ ကျည်စထိမှန်သေဆုံးခဲ့ကြသည်။

ဒဏ်ရာရရှိသည့် ကျေးလက်ဒေသခံလူထု ၁၀ ဦးထက်မနည်းရှိပြီး သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ ဟု ယူဆကာ  တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးသွားသောကြောင့် ဒေသခံလေးဦးလည်း ပျောက်ဆုံးနေသည်ဟု သီးခြားအတည်ပြုချက်မရသေးသည့် သတင်းကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက် မှတ်ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။

Most read this week