အစိုးရ စစ်တပ်နှင့် SSPP/SSA တိုက်ပွဲများအပေါ် UWSA နှင့် မိုင်းလား ပူးတွဲ ကြေညာချက် ထုတ်

အစိုးရ စစ်တပ်နှင့် SSPP/SSA တိုက်ပွဲများအပေါ် UWSA နှင့် မိုင်းလား ပူးတွဲ ကြေညာချက် ထုတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ကျေးသီး မြို့နယ်တွင် အစိုးရ စစ်တပ်နှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် (SSPP/SSA) ကြား၌ တိုက်ပွဲ တင်းမာမှုနှင့် ပတ်သက်ပြီး  “ဝ” ပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ ( UWSA) နှင့် သျှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄ )( မိုင်းလား ) အဖွဲ့ တို့ မှပူပေါင်းပြီး ထုတ်ပြန် ကြေညာ လိုက်သည်။

“ဒီဘက်မြောက်ပိုင်းမှာလည်း ဒီလိုဖြစ်လာတယ်ဆိုတော့ နည်းနည်းဲစိုးရိမ်စိတ်ရှိပါတယ်။ ဒါတွေကြောင့် ဆွေးနွေးပွဲတွေအပေါ်မှာ ထိခိုက်နိုင်မလား တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် အခတ်အခဲအတားအဆီးတွေဖြစ်ပေါ်လာမလားဆိုပြီး  စိတ်ပူလို့ပါ။ ဒါကြောင့် ကျွန်တော်တို့ သဘောထား တွေကို ထုတ်ပြန်လိုက်တာပါ”ဟု (UWSA) “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် ကဆိုသည်။

UWSA

ပြီးခဲ့သော  အောက်တိုဘာ ၂ ရက် မှ  ၅ ရက်နေ့ ထိ တပ်မတော်သည်  အရှေ့အလယ်ပို်င်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ  စစ်သည်အင်အားထောင်ချီသုံး၍  “၁၂၀”  မမမော်တာအပါ အဝင် လက်နက်ကြီးများကိုသုံးကာ  ငြိမ်းချမ်းရေး  စာချုပ်ချုပ်ဆိုပြီးသော  SSPP/SSA တပ်ဖွဲ့အား ထိုးစစ်ဆင်နေ ကြောင်း  အလန့်တကြားသိရသည်ဟု  ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးအောင်မြင့်က “လက်နက်ကြီးတွေဘာတွေလည်း ပါတယ်လို့ကြားသိရတယ်။ ဒီတော့တိုက်ပွဲလေးတွေ ရိုးရိုးတန်းတန်း ပဋိပက္ခဖြစ်တာကနေ  ကြီးကြီးမားမားဖြစ်တာမျိုး ကျွန်တော်တို့လည်း မလိုလားဘူး။ ငြိမ်းချမ်းရေး လည်းအတားအဆီးဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်” ဟုပြောသည်။

အောက်တိုဘာလ (၂)နှင့် (၃) ရက်နေ့တို့တွင် အစိုးရတပ်မတော်သည်  တာဖာဆောင်ကို လက်နက်ကြီး များဖြင့် ဒရစပ် ပစ်ခတ်သဖြင့် အောက်တိုဘာ (၃) ရက်နေ့က တပ်ဆုတ်ပေးလိုက််ကြောင်း သိရသည်။ အောက်တိုဘာ  (၄) ရက်နေ့တွင်မူ အစိုးရတပ်မှ လက်နက်ကြီးဖြင့်ပစ်သောတပ်ကုန်းနေရာကို (SSPP/SSA) တပ်မှဝင်ရောက် သိမ်းပိုက်လိုက်သည်ဟုဆိုသည်။

“အောက်တိုဘာလ (၅) ရက်နေ့မှာ သူတို့ကားနဲ့တင်လာတဲ့ အစိုးရတပ်သားရဲ့ အလောင်းတွေပေါ့။ တပ်ကြပ်ကြီး အဆင့်ရှိတာက(၁၁) ယောက်ရှိမယ်။  ကားသမားက ထွက်ပြေးတော့ ကျနော်တို့ တပ်ဖွဲ့က လူတွေသွားကြည့်တော ့ အလောင်းတွေပဲဖြစ်တယ်”  (SSPP/SSA) ဗဟိုကော်မတီဝင် စဝ်ပိုင်ဖှ ကပြောသည်။

“တိုက်ပွဲတော့ အားလုံးခြုံကြည့်မယ်ဆိုရင်  အသေအပျောက်ကတော့  အစိုးရတပ်ကများတာပေါ့ တပ်ကြပ်ကြီးအဆင့်က(၁၁)ဦးဆိုရင် ငယ်သားကများမှာပေါ့။ အစိုးရတပ်ကသိမ်းလိုက်တယ်ဆိုတာ တာဖာဆောင်တစ်ခုထဲပါ။  အဲဒါလည်း ကျွန်တော်တို့  ပြန်သိမ်းလိုက်တယ်။

တိုက်ပွဲအားလုံးတော့ (၂၀) ကျော်တယ်။ ၂၅ ပွဲလောက်တော့ရှိမယ်။ တာဖာဆောင်နဲ့နမ့်ခုတ် မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကတော့ ပြင်းထန်တယ်။ နောက်ပြီးမှ နမ်ဆမ်းဖက်ကသွားတယ်” ဟု(SSPP/SSA) ဗဟိုကော်မတီဝင် စဝ်ပိုင်ဖှ ကပြောသည်။

ယင်းအပြင် “၀” ၊ “မိုင်းလား” နှင့် (SSPP/SSA) အဖွဲ့တို့သည် မဟာမိတ်များ ဖြစ်နေသည့်အတွက်ကြောင့်လည်း ထုတ်ပြန်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။