သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့နယ် နှင့် လဲချားမြို့နယ် အကြားတွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့နှင့် အစိုးရ တပ်မတော် တို့ အကြား အောက်တိုဘာလ ၆ ရက် နံနက်ပိုင်း အချိန်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ သိရသည်။
“ပစ်တာလို့တော့ကျနော်တို့ကြားတယ်။ ကျွန်နော်တို့ဘက်ကလမ်းမပေါ်မှာ ပစ်ခတ်တိုက်ခိုက် ဖို့ညွန်ကြားချက် တွေမရှိပါဘူး။ ကျနော်တို့နယ်မြေဆိုပေမယ့်လည်း တခြားလက်နက်ကိုင် အဖွဲ့တွေလည်းရှိတယ်။ ဘယ်အဖွဲ့နဲ့ ဖြစ်တာလည်းဆိုတာသေချာအတည်ပြုလို့မရသေးဘူး” ဟု RCSS/SSA၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဆက်ဆံရေးရုံး တောင်ကြီး တာဝန်ခံ ဗိုလ်မှူးစိုင်းဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။
ပင်လုံမြို့နှင့် ၁၆ မိုင်အကွာ နောင်လိုင် ကျေးရွာအုပ်စုတွင် ပစ်ခတ်မှုဖစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပင်လုံမြို့နယ် ခွဲနောင်လိုင် ကျေးရွာ အုပ်စုမှ ဒေသခံတစ်ဦးက
“ဖြစ်တာကနှစ်နေရာ။ နမ့်နောင်ရွာဘေးက မနက် ၆နာရီခွဲကျော်နဲ့ နောင်လိုင်ရွာရဲ့ မြောက်ဘက်မှာက မနက်၁၀နာရီခွဲကျော်ချိန်မှာထပ်ဖြစ်တယ်။ အစိုးရ တပ်မတော် ကားမှန်ကွဲ သွားတယ်။ ပြီးတော့ အစိုးရဘက်က တစ်ယောက်ထိသွားတယ်” ဟုဆိုသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)က ကားလမ်းဖြတ်ကူးရင်း အစိုးရစစ်တပ်နှင့် ရင်ဆိုင်တိုးမိရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အတည် မပြုနိုင်သည့် သတင်းရပ်ကွက်မှ သိရသည်။
တိုက်ပွဲဖြစ်ပွားရာဒေသတွင်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) အပြင်မန့်ပန်ပြည်သူ့စစ်တပ်မဟာ (၇၅၈) နှင့်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပအိုဝ်းပြည်သူ့စစ်တို့လည်း လှုပ်ရှားလျှက်ရှိကြောင်း RCSS/SSA မှ သိရသည်။
သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မတော်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ၂၀၁၂ မေလတွင်ဒုတိယ ကြိမ်တွေ့ဆုံခဲ့ပြီးပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့သည်။