သျှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ကျေးရွာ ၁၇ ရွာအတွက် ၂၀၁၄ ခုနှစ် အတွင်း မီးလင်း ရေး စီမံကိန်းတွင် ခန့်မှန်း ကုန်ကျငွေ ကျပ်သိန်းပေါင်း တစ်သောင််း တစ်ထောင်ကျော် ကုန်ကျ မည်ဖြစ် သဖြင့် ကျေးရွာမီး လင်းရေး ကော်မတီများ ငွေ ကောက်ခံဖို့ အခက်ခဲများ ရှိနေကြောင်း သိရသည်။
နိုင်ငံတော်အစိုးရက မြို့နယ်များမီးလင်းရေးအတွက်သာ နိုင်ငံတော်၏ ဘတ်ဂျက်အပြည့် အဝဖြင့် မတည် ဆောင်ရွက်ပေးကြောင်း၊ ကျေး ရွာများလျှှပ်စစ်မီးရရှိရေးအတွက်မူ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကျေးရွာ အိမ်ခြေပေါ်မူတည်ကာ တစ်အိမ် အနည်းဆုံးငွေ ကျပ်နှစ်သိန်းမှ လေးသိန်းအထိကနဦးထည့်သွင်းလုပ် ဆောင်သွား ရမည်ဖြစ် ကြောင်း၊ ကျေးရွာများ မီလင်းရေးအတွက် နိုင်ငံတော်မှ ငွေတစ်ရာကျပ် အတိုးနှုန်း ၁ ကျပ်ဖြင့် လည်း ချေးငွေများ ချထားပေး ကြောင်းသိရသည်။
လက်ရှိတွင် အဆိုပါကျေးရွာများမီးလင်းရေးအတွက် နိုင်ငံတော်မှချေးငွေနှင့် အတူကျေးရွာများ မှကောက်ခံရရှိသော ငွေကြေးများသည် လျှပ်စစ်မီးသွယ် တန်းနိုင်ရန် ခန့်မှန်းကုန်ကျငွေအတွက် လုံလောက်မှုမရှိသေးသောကြောင့် နိုင်ငံတော် ကပါ ကျခံဆောင်ရွက်ပေးမှ အဆင်ပြေနိုင် မည်ဖြစ် ကြောင်း ကျေးရွာမီးလင်းရေးဥက္ကဌများကရှင်းပြခဲ့သည်။
“ဒု-သမ္မတလာတုန်းကတော့ပြောသွားတယ် အားလုံးတာဝန်ယူပြီးတော့ လုပ်ပေးပါမယ်။ ကျေးရွာက လည်း တစ်စုထည့်ပါ ၊မြို့နယ်ကလည်း တစ်စုကူညီပေး လိုက်ပါ၊ နိုင်ငံတော်ကလည်း တစ်စုကူညီပေး မယ် ဆိုရင် ဒီမှာရှိတဲ့ကျေးရွာတိုင်းအားလုံးရရှိနိုင်တယ်လို့ သူမှာကြားသွားပါတယ်။ ကျတော်တို့ ကျေးရွာမှာ မီးမရှိရင် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပါတယ်။ ရွာမှာ ကွန်ပျူတာ ၊ ဟန်းဖုန်းတွေ ရှိတာတောင် မီးမရှိရင်ဘယ်လိုမှ သုံးလို့မရဘူး။ ” ဟု နမ္မတူမြို့နယ် ကျေးရွာအုပ်စုမီး လင်းရေး ကော်မတီ ဥက္ကဌ ဦးအောင်ကျော်ညွှန့် ကပြောသည်။
ထိုဒေသ ကျေးလက်တောင်သူအများစုမှာ ပြောင်းကိုအဓိကထား စိုက်ပျိုးကြသည်ဖြစ်ရာ ပြောင်းရိတ် ချိန်မှသာ မီးလင်းရေးအတွက် ငွေကြေး ထည့်ဝင်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါကျေးရွာများမှာ လျှပ်စစ်မီးအတွက် ဆိုလာပြားကိုသာ သုံးစွဲနေရကြောင်း ကျေးရွာမီးလင်းရေးကော်မတီဥက္ကဌ များထံမှသိရသည်။
“နေတာကတော့ မိန်းလမ်းမကြီးဘေးက ရွာပါဘဲ။ တောင်ယာစိုက်ပျိုး တဲ့လုပ်ငန်း တစ်ခုတည်း ဘဲရှိတယ် ဆိုတော့ မိုးရာသီထဲမှာဘဲ ကျနော်တို့ အလုပ်ဖြစ်ပါတယ်။ ကျေးရွာ မှာလည်း လက်လုပ် လက်စားဘဝက များပါတယ်။ နိုင်ငံတော်ဘက်ကလည်း ကျနော်တို့ လိုအပ်တာတွေကိုတော့ ပံ့ပိုး ပေးပါ။ ကျနော် တို့ဘက်ကလည်း တတ်နိုင်သလောက် ထည့်ပေး မယ်လို့ ပြောချင်ပါတယ် ” ဟု နမ့်တွန်းကျေးရွာအုပ်စု မီးလင်းရေးကော်မတီ ဥက္ကဌ ဦးလှမြင့်ကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်က သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ရှိ ပြည်နယ် လျှပ်စစ် အင် ဂျင်နီယာရုံးခန်းမတွင် အဆိုပါကျေးရွာ (၁၇) ရွာမှ ရွာသူရွာသားများနှင့် ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင် တို့ တွေ့ဆုံ ခဲ့ပြီး ကျေးရွာ များ မီးလင်းရေးအတွက် ခန့်မှန်းကုန်ကျငွေများပြန် လည် ညှိနှိုင်း နိုင်ရန် ဆွေးနွေးခဲ့ကြဖူးကြောင်း၊ လက်ရှိသျှမ်းပြည်နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကျေးရွာပေါင်းကိုးထောင်ကျော်ခန့်ရှိနေသေးကြောင်း လားရှိုးရပ်မိရပ်ဖများထံမှ သိရသည်။