PNO ပြည်သူ့စစ် ပစ်ခတ်မှုကြောင့် မိုင်းပွန် ကျေးလက် ရွာသား နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

PNO ပြည်သူ့စစ် ပစ်ခတ်မှုကြောင့် မိုင်းပွန် ကျေးလက် ရွာသား နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း လွယ်လင် ခရိုင် အတွင်း  ကျေးလက် ရွာသား နှစ်ဦးအား ဒေသ အတွင်း လှုပ်ရှားသည့် PNO ပြည်သူ့စစ် က ပစ်ခတ် သောကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိကာ လွယ်လင် ဆေးရုံသို့ စက်တင်္ဘာလ ၂၆ရက်နေ့ ပို့ဆောင် ကုသ ရသည်ဟု ဆိုသည်။

၂၀၁၄ စက်တင်ဘာ ၂၅ ညနေ ၆.၃၀ နာရီအချိန် မိုင်းပွန်မြို့ အရှေ့ဘက် လုံတွေကျေးလက်ရွာသား စိုင်းဆန်ဖု ၂၀ နှစ်၊ စိုင်းဆန်ဖေ ၂၆ နှစ် နှစ်ဦးအား ဗိုလ်မှူးကျော်ရွှေ (PNO ခွဲ - ၂ ) ဦးဆောင်သည့် အင်အား ၂၀ ရှိ PNO ပြည်သူ့စစ်တပ်ဖွဲ့က ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် စိုင်းဆန်ဖုတွင် မျက်လုံး၊ ဝမ်းဗိုက်၊ ခြေထောက်၊ လက်တို့တွင် ဒဏ်ရာရရှိ ကြောင်း၊ စိုင်းဆန်ဖေလည်း ခြေထောက် ကိုယ်တွင် ဒဏ်ရာအပြင်း အထန် ရရှိကြောင်း ့နံနက်က မိုင်းပွန်ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း တာဝန်ကျဆရာဝန် မရှိသောကြောင့် လွယ်လင် ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ကုသရကြောင်း နီးစပ်သူ တစ်ဦးကပြောသည်။

“ဘယ်တစ်ယောက်လဲတော့မသိဘူး၊ မျက်လုံးပွင့်ထွက်နေတယ်။ ခြေရိုး၊ လက်ရိုး ကျိုးထွက် ထိုးထွက် လာတာတောင် တွေ့ ရတယ်။ ဒီမနက် ၂ နာရီလောက် မိုင်းပွန်ရောက်တယ်။ ဆရာဝန်မရှိလို့ မနက် ၅ နာရီတုန်းက လွယ်လင်ကို ပြန်လာ လိုက်တာ” - ဟု အမည်မဖေါ်လိုသူတစ်ဦးကပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် ပီအဲန်အို (ပအိုဝ်း) ပြည်သူ့စစ်တပ်ဖွဲ့က သျှမ်းသူပုန်သတင်း လိုက်လံ မေးမြန်း ကြောင်း၊ ထိုချိန် နမ့်မို ရွာနှင့် လုံတွေရွာကြား ခြံလုပ်ငန်းလုပ်ဆောင်နေသည့် လုံတွေ ရွာသား နှစ်ဦးကို RCSS/SSA တပ်ဖွဲ့ဟုဆိုကာ ၎င်းတို့ နှစ်ဦးအား လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသသည် လက်နက်ကိုင်တပ်ဖွဲ့များ စီးပွားရေးအရလုပ်ငန်းပြိုင်ဆိုင်မှုများ ရှိနေသည်ဟုလည်း နီးစပ်သည့် ပုဂ္ဂိုလ် များကပြောသည်။

“အခုသူတို့က သျှမ်းသူပုန်အကြောင်းလိုက်မေးတယ်။ သူတို့နှစ်ဦးက ခြံလုပ်ပြီး ရွာအပြန်လမ်းမှာ သူတို့နဲ့တိုး တာ။ မပြေးနဲ့ ပြောတော့ ပိုကြောက်တာပေါ့။ သူတို့နှစ်ယောက်က ပြေးဖို့လုပ်တော့ တခါတည်းပစ်တော့ တာဘဲတဲ့၊ ဒီစစ်ကြောင်းက တပ်မတော် စစ်ကြောင်းနဲ့လဲ မကြာခဏ ပူးတွဲ လှုပ်ရှားတယ်လို့ကြားတယ်” - ဟု နီးစပ်သည့် မိုင်းပွန်သား ခွန်ယွက် က  ပြောသည်။

တောင်ကြီးခရိုင်အတွင်းရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် နှင့် ပင်လောင်းမြို့နယ် သုံးမြို့နယ်အား စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် နေပြည်တော်အစိုးရက သတ်မှတ်ပေးထားသည်။ မိုင်းပွန်မှာမူ လွယ်လင်ခရိုင်အတွင်း ပါရှိသောဒေသဖြစ်သည်။