တာချီလိတ်တွင် ရေကြီးမှုထပ်ဖြစ်၊ ဈေးသည်များ အရှုံးပေါ်

တာချီလိတ်တွင် ရေကြီးမှုထပ်ဖြစ်၊ ဈေးသည်များ အရှုံးပေါ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း ထိုင်းနယ်စပ် တာချီလိတ် မြို့တွင် စက်တင်ဘာလ ၁၇ ရက်ညက တညလုံး မိုးရွာ သွန်းမှုကြောင့် ၁၈ ရက်တစ်နေ့လုံး နောက်ထပ် တစ်ကြိမ် ရေကြီးမှု ဖြစ်ပွါးခဲ့ သည်။

“ပထမတကြိမ်ရေမြုပ်ခံရတဲ့ပစ္စည်းတွေ ရှင်းလို့ မပြီးသေးဘူး။ ခုတခေါက် ရေထပ်ကြီးနေတော့ ဒီနှစ်တော့အရှုံံးပေါ်ပြီ။ အရင်တခေါက်က ရေစိုပစ္စည်းတွေကို မူရင်းစျေးတဝက်လျှော့ရောင်းရတာလေ။   ဒီတခေါက်က အရင်တခေါက်ထက်ရေပိုများတယ်”  ဟု လက်ကိုင်အိတ်နှင့်ဖိနပ်ရောင်းသည့် တာချီလိတ် တာလော့စျေးမှ စျေးသည်တစ်ဦး ကပြောသည်။

TCL flood

နံနက်မိုးမလင်းခင်ကတည်းက ရေကြီးသဖြင့် ပစ္စည်းများ ပြောင်းရွှေ့ချိန်မရလိုက်ကြောင်း ယခုနှစ် ရေကြီးမှုကြောင့် တာလော့စျေးမှ စျေးသည်များ ဆုံးရှုံးမှုများပြားကြောင်း ၎င်းကဆက်လက် ပြောပြသည်။

“ ပုံးထွန်ရပ်ကွက်မှာ ပိုပြီးရေကြီးတယ်။  တောင်ကျချောင်းရေပေါ့။ မနေ့ကနေ့လည်ပိုင်းဆိုရင် ထိုင်းဘက်က မြေတူးစက်ကြီးတွေနဲ့ တံတားအောက်ကညှိနေတဲ့ အမှိုက်တွေကိုဖယ်ထုတ်နေရတယ်။ ရေထပ်ကြီးရင် တံတားပျက်မှာစိုးလို့လေ။ သေကြေပျောက်ဆုံးမှုတော့မရှိဘူးဒီတခေါက်”  ဟုလည်း တံတားအနီးနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

စက်တင်္ဘာလ ၁၈ရက်ေနေ့က နေ့လည်ပိုင်းတွင်လည်း ဆန်ဆိုင်းတိုင်းရပ်ကွက်အထိ ရေဝင်ခဲ့ပြီး ညနေပိုင်းမှ ရေလျော့ ကျသွားကြောင်း၊ သို့သော် ချိုင့်ကျသောနေရာများတွင်ရေဝပ်နေဆဲဖြစ်ကြောင်း ကိုရင်တစ်ပါးက ပြောသည်။

တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့နယ်အကြား ဖြတ်သန်းစီးဆင်းနေသော မယ်ဆိုင်ချောင်းရေသည် မိုးတွင်း နှစ်တိုင်းရေကြီး မြစ်ရေလျှံလျှက်ရှိသည်။ သို့သော် ယခုနှစ်တွင် တစ်လအတွင်း ရေ ၂ ကြိမ်ကြီးပြီး ယခင်နှစ်များထက် ရေပိုများနေကြောင်း တာလော့မှ အိတ်စျေးသည်က ဆက်လက်ပြောပြသည်။