သျှမ်း/မြောက်က မူးယစ်ဆေး ရောင်းဝယ်သည့် နေရာကို လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မှ ဝင်ရှင်း

သျှမ်း/မြောက်က မူးယစ်ဆေး ရောင်းဝယ်သည့် နေရာကို လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မှ ဝင်ရှင်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲ နေသည့် နေရာကို အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က ဝင်ရောက် ရှင်းလင်းရာ ခုခံ တိုက်ခိုက် မှုများကြောင့် သေဆုံးမှုု များ ရှိခဲ့ကြောင်း ဒေသတွင်း သတင်း အရ သိရှိရသည်။

စက်တင်ဘာလ ၁၇ ရက် နံနက် ၁ နာရီခန့် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က မူစယ်မြို့ စွန်စော်ရပ်ကွက်နှင့် ဝိန်းနန်းကျေးရွာကြားရှိ လယ်ကွင်းများအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသည့် နေရာတစ်နေရာကို ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း စွန်စော်ရပ်ကွက်သား စိုင်းလင်းက ပြောသည်။

use drug in the field Photo Tai Muse

စိုင်းလင်းက “ဝင်ရောက်ရှင်းလင်းတော့ ခုခံမှုတွေဖြစ်တယ်။ ၃ ယောက်သေတယ်။ မနက် ၈ နာရီလောက် အာဏာပိုင်တွေ သွားကြည့်တော့ အလောင်း ၂ လောင်းဘဲတွေ့တယ်။ ကချင်တစ်ယောက်၊ ဗမာ တစ်ယောက်။ တစ်ယောက်က ရေနဲ့မျောပါသွားတယ်လို့ ပြောတယ်။ သူတို့က အဲဒီရောင်းဝယ်တဲ့ နေရာမှာ ထိန်းချုပ်တဲ့သူတွေ ဖြစ်နိုင်တယ်” ဟု ပြောသည်။

မူးယစ်ဆေးဝါး သွားရောက်ဝယ်ယူသုံးစွဲသူများကိုမူ အဆိုပါ အမည်မသိလက်နက်ကိုင်အဖွဲ့က သွန်သင်ဆုံး မကာ ပြန်လွှတ်ပေးကြောင်း ဆို၏။

“မူးယစ်ဆေးဝါးတွေကို အစိုးရနဲ့ အာဏာပိုင်တွေက ပပျောက်အောင် မရှင်းလင်းပေးတော့ မူးယစ်ဆေးဝါး ပပျောက်ရေးမှာ လှုပ်ရှားနေတဲ့အဖွဲ့က လှုပ်ရှားရတာပေါ့။ မူးယစ်ဆေးဝါး ကြောင့် လူငယ်တော်တော်များများ ပျက်စီးနေပြီ။ မူးယစ်ဆေးဝါးပြဿနာက တစ်နေ့ထက် တစ်နေ့ ကြီးကြီးလာတယ်။ စိုးရိမ်စရာဘဲ” ဟု မူစယ်ရပ်မိရပ်ဖ လုံးဆွယ်ခမ်း က ပြောသည်။

မြန်မာ၊ ဗင်နီဇွဲလား၊ ဘိုလီဗီးယားနိုင်ငံသည် လွန်ခဲ့သည့်တစ်နှစ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တာဝန်ပျက်ကွက်နေကြောင်း အမေရိကန်ပြည်ထောင်စုကလည်း ယခုအပတ်အတွင်း ထုတ်ပြန်ကြေငြာခဲ့သည်။