မူးယစ် ဆေးဝါး ဖမ်းဆီးရာမှ ပစ်ခတ် မှုကြောင့် ၂ ဦးသေ တစ်ဦးဒဏ်ရာရ

မူးယစ် ဆေးဝါး ဖမ်းဆီးရာမှ ပစ်ခတ် မှုကြောင့် ၂ ဦးသေ တစ်ဦးဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ္မတူ မြို့နယ်တွင် မြန်မာစစ်တပ် နှင့် ရဲများ ပူးပေါင်း၍ မူးယစ် ဆေးဝါး သုံးစွဲ သူများအား ဖမ်းဆီးရာမှ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပြီး အဖမ်းခံ ရသူများထဲမှ သေဆုံးမှု ရှိခဲ့သည်ဟု ဒေသတွင်း သတင်း ရပ်ကွက်က ဆိုသည်။

နမ္မတူမြို့နယ် မန်စံမိန်းမုဘက်က မန်စံရေထိန်းတော နမ့်ဆီလင်းချောင်းဦး တွင်ဖမ်းဆီးခဲ့ပြီးပစ်ခတ် မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

Mansan

စက်တင်ဘာလ ၈ ရက်နေ့က အခင်းဖြစ်ပွါးခဲ့ပြီး အစိုးရ တပ်မတော် တပ်မ ရ၇ လက်အောက်ခံ ခမရ ၃၂၄  တပ်ကဖြစ်ကြောင်း နမ္မတူမြို့နယ် ပန်ဟိုက်ဘက်က လာခြင်းဖြစ်ကြောင်း နမ္မတူဒေသခံ စိုင်းခမ်း က ပြောသည်။

“နမ့်ဆီလင်း  မူးယစ်စျေးကနေ ဖမ်းဆီးလာတာ။ မူးယစ်သုံးစွဲသူ ၁၂ ယောက်ဖမ်းဆီးရမိတယ်။ အဲဒီက ထွက်လာတော့ အဖမ်းခံရသူ ၁၂ ယောက်ထဲက  ၂ ယောက်က ထွက်ပြေးဖို့ ကြိုးစားတော့ ပစ်ခတ်မှုဖြစ် ပွါး တဲ့အထိ ဖြစ်ရတယ်။ တယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တယောက်ကတော့ မန်စံဆေးရုံ ရောက်ပြီးမှ သေ တယ်။ အဖမ်းခံရသူတွေအများစုက တခြားကလာတဲ့လူတွေ မျက်နှာစိမ်းတွေ ဒေသ တွင်းက ၁ ယောက် ၂ ယောက်ဘဲ ပါတယ်။”  ဟု စိုင်းခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတစ်ဦးမှာ မန်စံဒေသတွင်နေထိုင်သူ တရုတ်လူမျိုး အားဆန်း ဖြစ်ကြောင်း လားရှိုး ဆေးရုံသို့ပို့ဆောင်ဆေးကုနေကြောင်း သိရသည်။

နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နမ့်စီလင်းချောင်းဦးရေထွက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ သည့်စျေးရှိ နေပြီး အဆိုပါစျေးအား  ဒုတ်များ၊ ဓါးများ၊ တူမီးသေနတ်၊ လေသေနတ်နှင့် အခြားလက် နက်များကိုင် ဆောင်သည့် သူများကင်းစောင့်ပေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဒေသခံများအတွက် ထိုဒေသဘက် ဖြတ်သန်းသွားလာ အလုပ်လုပ်ကိုင်ရေးအတွက်ပင် ခက်ခဲကြောင်း  ထိုဒေသတွင် နေထိုင်သူများလည်း ခိုးမှု၊ လုယက်မှု၊ ဖေါက်ထွင်းခံရမှု မကြာခဏ ရင်ဆိုင်နေရကြောင်း ဒေသတွင်းနေထိုင်သည့် စိုင်းအိုက်စိုင်း ကပြောသည်။

Most read this week