တရုတ် ဘက်မှ ဓါတ်ဆီတင် ၂၂ ဘီးကား မူစယ်မြို့တွင်း ဘရိတ်ပေါက်ယာဉ် ထပ်ဆင့်တိုက် သေဆုံးမှုရှိ

တရုတ် ဘက်မှ ဓါတ်ဆီတင် ၂၂ ဘီးကား မူစယ်မြို့တွင်း ဘရိတ်ပေါက်ယာဉ် ထပ်ဆင့်တိုက် သေဆုံးမှုရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ တရုတ်- မြန်မာနယ်စပ် ၀င်/ထွက်ဂိတ် နန်းတော်ပေါက် အနီး၌ စက်တင်္ဘာလ ၁၀ရက်နေ့ နံနက် ၁၁းဝဝ နာရီက ၂၂ ဘီး ကုန်တင်ကား တစ်စီး ဘရိတ် ပေါက်ရာမှ ယာဉ်ထပ် ဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ သေဆုံး ဒဏ်ရာ ရမှုများ ရှိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ၂၂ ဘီးကားကြီးသည် ဦးပိုင် ကုမ္ပဏီ၏ ကုန်တင်ကားဖြစ်ကြောင်း ၊ တရုတ်ပြည်မှဓါတ်ဆီများ မြန်မာ နိုင်ငံသို့ ပို့ဆောင်ရန်  တင်လာသောကားဖြစ်ကြောင်း ၊ ၎င်းကားသည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ  သုံးဘီး ဆိုင်ကယ်မောင်းလာသောလူတစ်ဦးကိုတိုက်မိပြီး နောက် လားရှိုး မူစယ် လိုင်းကားသေး ၁၀ စီးနှင့် သုံးဘီးဆိုင်ကယ် သုံးစီးတို့ကို တိုက်မိသွားကြောင်း မြင်တွေ့ရှိရသူ မူစယ်သား စိုင်းသန်း ကဆိုသည်။

nam kham accident 1

“ကားတိုက်ခံရတဲ့ သုံးဘီးမောင်းတဲ့ လူကတော့ အသက်  ၃၀ လောက်ရှိမယ်။ ဗမာအမျိုးသား ။  အဲ့နေရာမှာ တင်  ပွဲချင်းပြီးသေဆုံးတယ်၊ ပျက်စီးသွားတဲ့ကားတွေကို နန်းတော်(ခရီးသွား လုပ်ငန်း) ကားရပ်နားကွင်းထဲမှာ သွားထားတယ်၊ သုံးဘီးဆိုင်ကယ် ၃ စီးကိုတော့ အာဏာဘက်များက မူစယ်ရဲစခန်းကို ယူဆောင်သွားပြီ ”ဟု ၎င်းကပြောသည်။

၎င်းယာဉ်ဆင့်ပွားတိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး၊ လူ ၅ ဦးထက်မနဲထိခိုက်ဒဏ်ရာ ရခဲ့သည်။ ထိခိုက် ဒဏ်ရာ ရသူတစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင်ရှိနေကြောင်း မူစယ်ဆေးရုံဝန်ထမ်း တစ်ဦး ကဆို သည်။ ယာဉ်မောင်းကိုမူ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် ထားကြောင်း မြို့ခံများကပြောသည်။

nam kham accident feature

မူစယ်မြို့သည်  တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်ပြီး  ပြည်ထောင်စု ကားလမ်းမ မှာလည်း ကျဉ်းသည်က တစ်ကြောင်း၊  စည်းကမ်းမဲ့ ကားလမ်းမဘေး၌ ရပ်နားထားသော ယာဉ်များလည်း များပြားလွန်းသဖြင့်  မကြာခဏ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေပြီး အဆိုးရွားဆုံးမှာ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုကြောင့် လစဉ်ယာဉ်တိုက်မှု ၁၀ မှုထက်မနဲ ဖြစ်ပွားလျှက်ရှိပြီး သေကြေ ဒဏ်ရာရမှုများလည်း မနည်းရှိခဲ့ကြောင်း မူစယ်မြို့ ယာဉ်ထိန်းရဲအသိုင်းအဝိုင်းများထံမှသိရသည်။