တောနင်း လာသည့် အစိုးရ တပ်မတော် စစ်ကြောင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်

တောနင်း လာသည့် အစိုးရ တပ်မတော် စစ်ကြောင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ကျေးသီး မြို့နယ် အရှေ့ မြောက်ဘက် တောနင်းလှုပ်ရှားသည့် အစိုးရ တပ်မတော် ခလရ ၂၈၇ ၀မ့်ဇင်း စစ်ကြောင်းနှင့် သျှမ်းပြည် တပ်မတော်တို့အကြား ၂၀၁၄ ဩဂတ်စ် ၂၂ ရက် နံနက်ပိုင်းက တစ်နာရီခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု ဒေသ အတွင်း သတင်း ရပ်ကွက်က ပြောသည်။

ကျေးသီးမြို့နယ် အရှေ့မြောက်ဘက် ၁၅ ခန့် အကွာရှိ ဝမ့်ဝပ်၊ ပန်စယ်ကျေးရွာအုပ်စုဘက် အခြေချ လှုပ်ရှားသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံစစ်ကြောင်း တစ်ကြောင်း က သျှမ်းပြည်တပ် တပ်မတော် SSPP SSA ၏ အမှတ် ၁ ဌာနချုပ်လုံခြုံရေးတပ်ရင်းမှ လက်အောက်ခံတပ် စစ်ကြောင်းများအား တောနင်း၍ ပိုက်စိပ်တိုက်ရှာရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည်တပ်မတော် တပ်မှူး တစ်ဦးက ပြောသည်။

Burma Army SSPP SSA

“တိုက်ပွဲမဖြစ်ဖြစ်အောင်လုပ်နေတာ။ ကျနော်တို့ဒေသ၊ ကျနော်တို့ရွာ၊ ရွာပျက်မှာစိုးလို့ ရွာနားတောင် ကျနော်တို့ မကပ်ဘူး။ ဒါကို လူထုကိုရိုက်နှက်စစ်ဆေးပြီး ကျနော်တို့သတင်းတွေကိုမေးတယ်။ ပန်စယ် ဘက်ကနေ လွယ်ယွဲ ဘက်တောနင်းလာတာ။ မနေ့က တိုက်ပွဲက ၄၅ မိနစ်လောက်ကြာမယ်ထင်တယ်။ လက်နက်ကြီးတွေ၊ စက်သေ နတ်တွေနဲ့ ရမ်းထုနေတဲ့ အချိန်နဲ့ပေါင်းရင် တနာရီကျော်ကြာမယ်ထင်တယ်” ဟု အဆိုပါ အမည် မဖေါ်လိုသည့် ရှေ့တန်းရောက်တပ်မှူးကပြောသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ဘက် သေကြေကျဆုံးမှု မရှိကြောင်း၊ အစိုးရ တပ်မတော် ဘက်ကသေကြေဒဏ်ရာရမှုသတင်းမသိရသေးကြောင်း၊ သို့သော် ၎င်းတို့၏ ကျောပိုးအိတ် ၄ လုံး ကျနေခဲ့ ကြောင်း SSPP ဌာနချုပ်ရုံးအရာရှိ ဗိုလ်မှူးစိုင်းဆေတိုင်းက ပြောသည်။

အစိုးရ တပ်မတော်ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့် က  ဝမ့်ဟိုင်း SSA အနေဖြင့် အဆိုပါ ဒေသ အတွင်းမှ တပ်ဆုပ်ပေးရန် လုံလောက်သော ချိန်ပေးထားသည် ဟု ဂျူလိုင်လလယ်ပိုင်းက လွှတ်တော်အတွင်း ပြောကြားခဲ့သည်။

သျှမ်းပြည်တပ်မတော် ပြောရေးဆိုခွင့် ဒ-ုဗိုလ်မှူးးကြီးစိုင်းလှ က  သျှမ်းပြည် တပ်မတော်အနေဖြင့် ဇာတိချက် ကြွေမွေးရပ်မြေ ဖြစ်သောကြောင့် အဆိုပါ ဒေသအတွင်းမှ တပ်ဆုတ်၍မရဟု သျှမ်းသံတော်ဆင့်သို့ ပြောဖူးသည်။

အဆိုပါတိုက်ပွဲဖြစ်ပွါးနေသောဒေသသည် SSPP ဗဟိုဌာနချုပ်နှင့်   ၁၀ မိုင်ကျော်သာ  ကွာဝေးသည်။

တဖက်ကလည်း အစိုးရတပ်မတော်သည် ကျေးသီးမြို့နယ် တာ့ဖာဆောင်ရွာအတွင်း (ဝမ့်ဝပ်ဘုန်းကြီး ကျောင်းသို့ စစ်ဘေးရှောင်နေသော) ဒေသခံများ၏ နေအိမ်များသို့တက်နေကာ ၎င်းတို့၏ ခံတပ်တခု အဖြစ်အသုံးပြုနေသဖြင့် စစ်ဘေးရှောင် များ နေရပ်သို့ မပြန်နိုင်သေးကြကြောင်း မြို့ခံများကပြောသည်။

ဦးသိန်းစိန်အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ကြိုးပမ်း နေသော်လည်း အစိုးရတပ်မတော်ကမူ သျှမ်းပြည်မြောက်ပိုင်းအတွင်း အင်အားဖြည့် လှုပ်ရှားနေသောကြောင့်  တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည်။

၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်က သျှမ်းပြည်တိုးတက်ရေးပါတီနှင့် အစိုးရတို့  ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးစဉ် UPWC  ဒု-ဥက္ကဌ(၂) ဦးသိန်းဇော် မှ‘  ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး ၅ ရက် အတွင်း သျှမ်းပြည်တပ်မတော်နယ်မြေအတွင်း အစိုးရတပ်များအားလုံး ဖယ်ရှားပေးပါမည်’ ဟု သျှမ်းပြည် တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်ထံသို့  နှုတ်ကတိပေးခဲ့ဖူးသော်လည်း တပ်မဆုပ်ပေးသည့် အပြင် အင်အားတိုးချ လှုပ်ရှားသောကြောင့် သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု SSPP အတွင်းရေးမှူး စဝ်ခွန်ဆိုင် က ပြောသည်။