မိုးကုတ် မြို့နယ်ကနေ မန္တလေးတိုင်းကို ကိုယ်စားပြုပြီး အပြည်ပြည် ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် ကာယဗလ မောင်ပြိုင်ပွဲ ဝင်ပြိုင်တဲ့ သျှမ်းလူငယ် စိုင်းဟင်ပေါင်း ခေါ် စိုင်းချစ်ငွေဟာ ရွှေမန်းမောင်ဆု ၃ နှစ်ဆက်တိုက် ပထမဆု ဆွတ်ခူး ရရှိခဲ့ပါ တယ်။ သျှမ်း တိုင်းရင်းသား ကြားမှာ ရှိခဲ့လှတဲ့ ကာယ ဗလမောင် တဦးဖြစ်ပြီး သျှမ်းတိုင်းရင်းသား စာပေကိုလည်း မြတ်နိုး တဲ့လူ တယောက်လည်း ဖြစ်ပါတယ်။ ကာယ ဗလမောင် တယောက် ဖြစ်လာ ရခြင်းနဲ့ပတ် သက်ပြီး စိုင်းဟင်ပေါင်း ခေါ် စိုင်းချစ်ငွေကို သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး။ ။ မင်္ဂလာပါ။ စိုင်းချစ်ငွေက မိုးကုတ်သားလို့ကြားသိရပါတယ်ခင်ဗျ ဟုတ်ပါသလား။
ဖြေ။ ။ကျနော့် ဇာတိက မိုးကုတ်ပါ။၁၉၈၁ မှာမွေးဖွားပါတယ်။ ပန်မိုင်းဆာမှာနေတယ်။ နောက်ပိုင်းမေတ္တာ ရပ်ကွက် လို့နာမည်ပြောင်းတာ။ တိုင်းဆာနဲ့အတူတူနေကြပါတယ်။ သျှမ်းလူမျိုးလို့ခံယူကြတယ်။ ဒါပေမယ့် သျှမ်းစကားသိပ်မပြော သျှမ်းစာပေသိပ်မလေ့လာတော့လို့ အနာဂတ်အတွက် စိုးရိမ်ရပါတယ်။
မေး။ ။ ပရိသတ်တွေက စိုင်းချစ်ငွေကို စိုင်းဆိုတဲ့နာမည်ဘဲပါတယ်ထင်တယ်။ သျှမ်းစကားပြောတတ်လား မသိဘူးလို့ ပြောတဲ့လူတွေလဲရှိပါတယ်။
ဖြေ။ ။ ဟုတ်တယ်။ သျှမ်းတွေထဲမှာ ကာယဗလမောင်ကခပ်ရှားရှားဆိုတော့ ပြောကြမှာပေါ့။ ကျနော့်အိမ်နာမည် က မိဘပေးထားတဲ့နာမည်က စိုင်းဟင်ပေါင်း ပါ။ ဟင် မျိုးရိုးဆိုတော့ မျိုးရိုးနာမည်ပါအောင်မှည့်ထားတာပါ။ မျိုးရိုး နာမည်က တချို့လဲအလယ်မှာထဲ့ကြတယ်။တချို့လဲ နောက်ဆုံးမှာထဲ့တယ်။ မတူကြဘူး။ ကျနော် သျှမ်းစစ်စစ်ပါ။ သျှမ်းစာ သျှမ်းစကား တတ်မြောက်ပါတယ်။
မေး။ ။ မိဘနာမည်တွေကော်ခင်ဗျ။ သိခွင့်ရမလား။
ဖြေ။ ။စိုင်းဖျင့်ပေါင်းနဲ့ နန်းအေယင်း ပါ။
မေး။ ။ အဲလိုဆိုရင် မိုင်းခွန်ဘက်ကအမျိုးတွေလားခင်ဗျ။
ဖြေ။ ။မိုင်းခွန်မဟုတ်ပါ။ မိုင်းဝမ်း ကပါခင်ဗျ။
မေး။ ။ အော်- အဲလိုဆိုရင် ဒီကာယဗလမောင်လမ်းကြောင်းပေါ် ဘယ်လိုလုပ်ပြီးရောက်လာသလဲ ကျေးဇူးပြုပြီး ရှင်းပြပေးပါလားခင်ဗျ။
ဖြေ။ ။ဟုတ်ကဲ့ ကျနော့်ဦးလေးတယောက် မန္တလေးမှာကျောင်းလာတက်တော့ သူများတွေ ကာယဗလအတွက် လေ့ကျင့်ခန်းလုပ်တာကိုမြင်တော့သူလဲ လိုက်လုပ်တယ်။ အိမ်ပြန်တော့ ကျနော်တို့ကိုလုပ်ပြတယ်။ ကစားတယ်။ လေ့ကျင့်တယ်။ ကျနော်တို့လည်း စိတ်ဝင်စားလို့ လိုက်လုပ်ရင်းနဲ့ ဒီဘက်လမ်းရောက်ဖြစ်ခဲ့တာပါ။ ၁၉၉၉ ခုနှစ် ကတည်းက စပြီး ဒီလမ်းပေါ် ရောက်ခဲ့တာပါ။
မေး။ ။ ဦးလေးက ကော် ဘယ်အဆင့်အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလဲ။
ဖြေ။ ။ဦးလေးက တိုင်းနဲ့ပြည်နယ်အဆင့်အထိ မရောက်ခဲ့ပါဘူး။
မေး။ ။ ကာယဗလမောင်ဝင်ပြိုင်တော့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရပါသလဲ။
ဖြေ။ ။စစလေ့ကျင့်တုန်းက တကိုယ်လုံးနာတယ်။ ဆေးလိမ်းဆေးလူးရတာပေါ့။ သူများဗလတွေကိုတွေ့တော့ အားကျလို့ ထပ်လေ့ကျင့်ရတာပေါ့။ အားမလျှော့ဘဲ လေ့ကျင့်ရင်းလေ့ကျင့်ရင်းနဲ့ ၂ နှစ်လောက်ကြာတော့ ၁၉၉၉ လောက်တုန်းက မိုးကုတ်မှာ ဝင်ပြိုင်တယ်။ အငယ်တန်းအဆင့်ဝင်ပြိုင်တာ တတိယဆုရသွားတယ်။ အဲဒီနောက် ပြိုင်ပွဲ ဝင်ပြိုင်တိုင်း ၁-၂-၃ အမြဲတမ်း ချိတ်တယ်။
မေး။ ။ အခုအထိ ဘယ်နှစ်ပွဲဝင်ပြိုင်ပြီးပြီလဲ။
ဖြေ။ ။ပြိုင်ပွဲပေါင်း ၃၀ ပြိုင်ပြီးပါပြီ။
မေး။ ။ အနိုင်ရတာဘယ်နှစ်ဆု ရှိလဲခင်ဗျ။
ဖြေ။ ။ဒီ ၃၀ ထဲမှာ ဆုမရတာ ၃-၄ ပွဲလောက်ဘဲရှိတယ်။
မေး။ ။ ပြိုင်ပွဲပထမဆုံးအကြိမ်ဝင်တုန်းက ကိုယ်အလေးချိန်ဘယ်လောက်ရှိလဲ။ အခုကော် ဘယ်လောက်ရှိပြီလဲ။
ဖြေ။ ။ပြိုင်ပွဲစဝင်တုန်းက ကိုယ်အလေးချိန်နဲတယ်။ အခုဆိုရင် ၁၅၅ ကျော်ပြီ။
မေး။ ။ ကျောင်းကိုယ်စားပြုပြီးဝင်ပြိုင်တာကော်ရှိသေးလား။
ဖြေ။ ။ကျောင်းကထွက်ပြီးတော့မှဘဲ ဒီလမ်းကြောင်းပေါ်ရောက်လာတော့ အဲလိုတော့မရှိခဲ့ဖူးပါဘူး။
မေး။ ။ လေ့ကျင့်တုန်းကကော် ကိုယ့်ကိုယ်ဘဲလေ့ကျင့်တာလား။
ဖြေ။ ။လက်ဦးဆရာ နည်းပြဆရာကတော့ ခုနပြောတဲ့ ဦးလေးဘဲဖြစ်ပါတယ်။ အရင်တုန်းက အခုလို ကာယဗလ မဟုတ် ပါဘူး။ အလေးမ တာဘဲဖြစ်ပါတယ်။ မိုးကုတ်မှာ ဝါသနာအရ အလေးမ အခန်းဖွင့်ထားတာရှိတယ်။ ဒါပေမယ့် ကျနော်တို့ကျတော့ ကိုယ်ကာယ အလှကိုပြဖို့လေ့ကျင့်တာလေ။ တချို့က ကာယဗလနဲ့ အလေးမ နဲ့သွားသွားမှားတယ်။
မေး။ ။ ကာယဗလနဲ့ အလေးမ နဲ့ လေ့ကျင့်မှု ကွာခြားပါသလား။
ဖြေ။ ။ ကွာခြားပါတယ်။ အလေးမ သမားတွေအတွက်က အားရှိမယ့်အစားအသောက်တွေကို စားသောက်မယ်။ များများအိပ်ရမယ်။ များများစားရမယ်။ ကျနော်တို့အတွက်တော့ ပြိုင်ပွဲဝင်ရက်နီးလာလေလေ အစားအသောက် သတိထားရတယ်။ အဆီအဆိမ့်တွေရှောင်ရတယ်။
မေး။ ။ ဘယ်လိုအစားအစာတွေကိုအသားပေး စားရသလဲခင်ဗျ
ဖြေ။ ။အဓိက ကြက်ဥပါ။ မကျက်တကျက်လေး ပြုတ်ပြီးတော့ စားတာပေါ့။ ခန္ဓာကိုယ်အလေးချိန်အလိုက် တိုးတိုးပြီးစားရတာပေါ့။ ကျနော်တို့ဆို တလမှာ အလုံး ၈၀ လောက်ကျတယ်။ မနက်နိုးလာရင် ကြက်ဥပြုတ်စား တာပေါ့။ ကြက်ဥကို အကာဘဲစားတယ်။ အနှစ် မစားဘူး။ ထိုဖူးနွေးစားတယ်။ အဆီတွေအနှစ်တွေသိပ်မထည့်နဲ့ပေါ့။ ပြိုင်ပွဲရက်နီးလာရင် ထမင်းလျှော့စားတယ်။ ငါးပြုတ်တို့ အသားပြုတ်တို့ စားတယ်။ ဆားအချိုမှုန့်မထည့်ဘဲ ပြုတ်စားတာလေ။
မေး။ ။ အသားဆိုတာက ဘယ်လိုအသားမျိုးလဲ။
ဖြေ။ ။ပြိုင်ပွဲမတိုင်ခင် အမဲသား စားတယ်။ ပြိုင်ပွဲရက်နီးလာရင်တော့ ကြက်သားတို့ ငါးတို့ ပြောင်းစားရတယ်။ အသားက အကောင်းဆုံးပါဘဲ။
မေး။ ။ မိသားစုအသိုင်းအဝိုင်းထဲကကော် ဒီကိစ္စနဲ့ပတ်သက်ပြီး အားပေးတာတွေရှိလား သို့မဟုတ် ဝေဖန်တာ မကြိုက်တာတွေရှိလား။
ဖြေ။ ။ကျနော့် အဖေလည်း ကာယဗလ လေ့ကျင့်ခန်းအမြဲတမ်းလုပ်တယ်လေ။အဲတာ ကျနော် ငယ်ငယ် ကတည်း က တွေ့ဖူးနေတော့ ဒါနဲ့ စိမ်းမနေဘူး။ ဒါပေမယ့် ၁၉၉၆ မှာအဖေ ဆုံးသွားတယ်။ အဖေမရှိတော့မှ ကျနော် ဒါလုပ် ဖြစ်တာပါ။ ကျနော်ကာယဗလမောင်ဖြစ်တာတောင် အဖေမသိလိုက်ဘူး။ အားပေးကြပါတယ်။ ကန့်ကွက်တဲ့လူ မရှိပါဘူး ကျနော့်ညီမလေးဘဲ တခါတလေ ကျနော့်ကို ဆူတယ်။ အကိုက ဒါဘဲလုပ်နေတယ်။
မေး။ ။ တခြားကော ဘာတွေစိတ်ဝင်စားသေးလဲခင်ဗျ။
ဖြေ။ ။ ကျနော် ၂၀၀၀ ခုနှစ်ကစပြီး ၂၀၀၉-၂၀၁၀ အထိ သျှမ်းစာပေသင်ကြားရေးဆရာ လုပ်ခဲ့ပါတယ်။ မာ့ဟာ့တိုမှာပေါ့။
မေး။ ။ Gym တွေဘာတွေကော ဖွင့်ထားသလားခင်ဗျ။
ဖြေ။ ။ ဟုတ်တယ်။ ဒါကနေ့ခေတ်လူငယ်တွေ တော်တော်များများ စိတ်ဝင်စားစရာနေရာတခု။ ကျန်းမာရေးလိုက် စား လာကြပြီလေ။ ကျနော်ကတော့ ကိုယ်တိုင်အတွက်သွားလေ့ကျင့်တယ်။ အဲဒီမှာ ကျနော့်ကိုတွေ့တဲ့လူတွေက သူတို့အတွက် သီးသန့်နည်းပြလိုရင်ခေါ်တယ်။ ကျနော်က လိုက်ပြီး ပြပေးတယ်။ အဖိုးအခ ယူတယ်။ ဒါလောက် ဘဲရှိတယ်။ အဲလို ကိုယ်ပိုင် ဂျင်မ် တော့ ဖွင့်မထားဘူး။
မေး။ ။ သင်တော့ဘယ်မှာသွားသင်သလဲ။
ဖြေ။ ။အားကစားရုံမှာဘဲ ပြန်သင်တာပေါ့။
မေး။ ။ အဲလိုကျရင် နေရာဖိုးအတွက် ပေးရလား။
ဖြေ။ ။မပေးရဘူး။
မေး။ ။ ကာယဗလအတွက် ရည်ရွယ်ပြီး လေ့ကျင့်တဲ့လူတွေရှိလား။
ဖြေ။ ။ ကျနော်တို့ဆီမှာတော့ ရှားတယ်။ အပျော်တမ်းတို့ ကျန်းမာရေးအတွက်တို့ အဲလောက်ဘဲများတယ်။
မေး။ ။ အဲလိုဆိုရင်သူတို့ဆီက ဘယ်လို ယူလဲ လေ့ကျင့်သင်ကြားပေးခက။
ဖြေ။ ။အဲတာ Gym ကနေ အဖိုးအခ ဖြတ်ပေးတယ်။ ကစားစရာတွေက နိုင်ငံခြားဖြစ်တွေဆိုရင် ကစားခ ဈေးကြီးမယ်။ ကျနော်တို့ဒီမှာ ဈေးအပေါဆုံးက တလ ကျပ် ၁၀၀၀၀ ပေးရတယ်။ ကစားခ ပေါ့။ အများဆုံးက ၄-၅ သောင်းလည်း ရှိပါတယ်။
မေး။ ။ ဟုတ်ကဲ့- ခုန အပိုင်းကိုပြန်ကြည့်မယ်ဆိုရင် စိုင်းဟင်ပေါင်းပြောတာ။ ပြိုင်ပွဲဝင်ပြီးတာ ၃၀ ကျော် တယ်နော်။ ရှေ့ဆက်ကော် ပြိုင်ပွဲဝင်ဖို့ ရှိသေးလား။
ဖြေ။ ။ရှိပါတယ်။ တိုင်းနဲ့ပြည်နယ်အဆင့်ပေါ့။ လူရွေးဦးမှာပါ။ ဘယ်သူ သွားပြိုင်ရမလဲတော့မသိသေးဘူး။ အောက်တို ဘာလ ၂၀ ရက်ကျော်ကျော်လေးမှာ မြစ်ကြီးနားမှာသွားပြိုင်ရမှာဖြစ်ပါတယ်။ အဲဒီမှာ အဆင့် ၅ ဆင့်နဲ့ ပြိုင်မယ်။ ပြည်နယ် ၆၀၊ ၆၅၊ ရ၀၊ ရ၅ နဲ့အထက်စတာတွေပေါ့။ အခု ဒီမှာ ကျနော့််ကို ၆၅ ကီလိုအဖွဲ့ထဲဝင်ပြိုင် စေချင်နေ တယ်။
မေး။ ။ နိုင်ငံခြားမှာသွားပြိုင်ဖို့ကော် ရှိလား။
ဖြေ။ ။မကြားမိသေးဘူးခင်ဗျ။
မေး။ ။ ပြိုင်ပွဲတွေထဲက အနိုင်ရလာတဲ့အထဲက ဘယ်ပွဲက ဆုက အမြင့်ဆုံးဘဲ။
ဖြေ။ ။မန္တလေး မှာပြုလုပ်ကျင်းပတဲ့ ရွှေမန်းမောင်ပြိုင်ပွဲမှာ ပထမဆုရတယ်။ ဆုအမြင့်ဆုံးဘဲ။ ကျနော် ဆု ၃ နှစ်ဆက်တိုက်ရရှိခဲ့တာကတော့ ၂၀၁၁- ၁၂- ၁၃ ပေါ့နော် ။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်ဆို နှစ်တိုင်းလုပ်ပါတယ်။ မန္တလေးတိုင်းမှာပေါ့။ တိုင်းနဲ့ပြည်နယ်မှာတော့ တတိယ ဆုဘဲရခဲ့ပါတယ်။ ၂၀၁၃ မှာပေါ့။ သျှမ်းပြည်မြောက်ပိုင်းကိုယ်စားပြုပြီးတော့ပေါ့။ ဆုရရှိခဲ့တာပါ။ အစက ကျနော် မန္တလေးတိုင်းကိုယ်စားပြုပြီး ပြိုင်မယ်လုပ်တော့ အဲဒီက လူကြီးတွေက ကျနော့်ကိုမရွေးဘူး။ အဲတာနဲ့ ကျနော့်ကိုသင်ပြပေးတဲ့ဆရာတွေက အားကျမခံနဲ့ ကျနော့်ကို သျှမ်းပြည်မြောက်ပိုင်းကိုယ်စားပြုပြီးပြိုင်ခိုင်းတာ ကျနော်အနိုင်ရသွားတာအဲဒီတပွဲ။
မေး။ ။ မန္တလေးတိုင်းထဲမှာနေပြီးတော့ သျှမ်းပြည်မြောက်ပိုင်းကိုယ်စားပြုသွားပြိုင်ခိုင်းတော့ ဘာပြသနာမှမရှိဘူး လား။
ဖြေ။ ။အေးဆေးပါဘဲ။ ဘာပြသနာမှမရှိပါဘူး။ ကျနော်ဆိုရင် လေ့ကျင့်ထားတာ အပြင်းအထန်ဆိုတော့ အဲတာတွေအလဟသမဖြစ်အောင်ဆိုပြီး ရတဲ့နေရာကနေဝင်ပြိုင်လိုက်တာဖြစ်ပါတယ်။
မေး။ ။ မိုးကုတ်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ တုန်းက သျှမ်းပြည်ဆိုပေမယ့်အခုတော့ မန္တလေးတိုင်းထဲ ပါသွားပြီဖြစ်ပါတယ်။ သျှမ်းတယောက်ဖြစ်ပါလျှက်နဲ့ မန္တလေးတိုင်းကို ကိုယ်စားပြုပြီးဝင်ပြိုင်ရတယ်ဆိုတော့ ဘယ်လိုခံစားမှုလေးတွေ ဖြစ်ပေါ်သလဲ။
ဖြေ။ ။ဖြစ်နိုင်ရင်တော့ သျှမ်းပြည်ကိုကိုယ်စားပြုပြီးပြိုင်ချင်တာပေါ့ဗျာ။ အခြေအနေက မပေးလာတော့လဲ မတတ်နိုင်ဘူးလေနော်။ တချို့ သျှမ်းပြည်ကိုကိုယ်စားပြုပြီးလာပြိုင်တဲ့လူတွေက သျှမ်းလဲမဟုတ်။ တခြားတိုင်းရင်း သားဖြစ်နေတာများပါတယ်။ ပြိုင်ပွဲမှာတော့ အများစုကတော့ ဗမာအမျိုးသားနဲ့ပေါ့။ ဒုတိယက ရခိုင်နဲ့ ချင်း ပေါ့။
မေး။ ။ စစပြိုင်ကတည်းကကနေ့အထိ မမေ့နိုင်အောင် စိတ်အထိခိုက်ရဆုံးနဲ့ အကျေနပ်ဆုံး အချက်တွေရှိပါ သလား။
ဖြေ။ ။စိတ်အထိခိုက်ဆုံးတော့မရှိပါဘူး။ ကိုယ် ဆုမရခဲ့တာတွေကလည်း ကိုယ့်အရည်အချင်း မပြည့်မှီသေးလို့ လို့ဘဲ ခံယူပါတယ်။ စိတ်ထိခိုက်ရတဲ့အထိတော့မရှိခဲ့ပါဘူး။
အကျေနပ်ဆုံးကတော့ ၂၀၁၃ ခုနှစ်ထဲမှာပေါ့။ ၃ ကြိမ်ဆက်တိုက် ပထမဆု ဆွတ်ခူးရရှိခဲ့တုန်းကပါ။
မေး။ ။ ကျနော်တို့ သျှမ်းတွေထဲမှာ ကာယဗလမောင် များများထွက်လာဖို့ ဘယ်အချက်တွေပြင်သင့်သလဲ။ ဘယ်လိုအားနည်းချက်တွေရှိလဲ။
ဖြေ။ ။အားနည်းချက်တော့အများကြီးရှိခဲ့ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေထဲမှာ အများဆုံးက သျှမ်းတွေထဲမှာပေါ့နော် သျှမ်းလူငယ်တွေဆိုရင် အရက်သောက်တာများတယ်။ မူးယစ်ဆေးသောက်တာများတယ်။ အခုဆိုရင် ယာဘပေါ့နော်။ အဲတာတွေက လူငယ်တွေကိုအတားအဆီးဖြစ်စေတယ်။ အားနည်းချက်ဖြစ်စေတယ်။ အပျော်လဲ မက်တယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အချိန်မရှိတော့တာလေ။
မေး။ ။ ကာယဗလမောင်တွေမှာ အရက်သောက်သလား။
ဖြေ။ ။ရှောင်နိုင်သလောက်ရှောင်တာပေါ့။ သောက်မိစားမိရင်လည်း ထိခိုက်ပါတယ်။ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရတယ်။ တပတ်လောက်တော့။
မေး။ ။ နည်းပြဆရာတွေထဲမှာကော အတုယူဖွယ်ကောင်းတဲ့ လူက ဘယ်သူလဲ။
ဖြေ။ ။မန္တလေးသား ဦးပြားတဲ့။ အခုအသက် ၆၀ ကျော်ပြီ။ သူကျောင်းနေကတည်းက ဒီလမ်းပေါ် ရော်ကလာတာ ခုချိန်ထိ ကျန်းမာသန်စွမ်းတုန်း ။ သူက သူ့ကိုယ်သူဂရုစိုက်တယ် အနေအထိုင်အစားအသောက်မှာ အရမ်းဂရုစိုက်တယ်။ အဆီနဲနဲပါရင် မစားဘူး။ သူ့လိုဖြစ်အောင်ကျင့်ရမယ်။
မေး။ ။ စိတ်ပိုင်းဆိုင်ရာကော်။
ဖြေ။ ။စိတ်ပိုင်းဆိုင်ရာမှာ တော်တော်ကျင့်ယူရတယ်။ အပျော်အပါးဘက်မှာအရမ်း လျော့တယ်။
မေး။ ။ စိုင်းချစ်ငွေမှာအိမ်ထောင်ရှိပြီလား။
ဖြေ။ ။မရှိသေးပါဘူး။ စိတ်တူကိုယ်တူ ကို ရှာနေတုန်းပါဘဲ။သတင်းကောင်းရှိရင် ပြောပါ့မယ်။
မေး။ ။ သျှမ်းစာပေဆရာဖြစ်လာပုံနဲ့ မိုးကုတ်က စာပေယဉ်ကျေးမှုအကြောင်းပြောပြပါဦး။
ဖြေ။ ။ကျနော် မန္တလေးမှာ ကျောင်းလာတက်တော့ တက္ကသိုလ်က သျှမ်းအသင်းထဲဝင်ပြီး အမျိုးသားရေးစိတ် ရှိလာပါတယ်။ အိမ်ပြန်တော့လဲ ရပ်ရွာထဲက စာပေယဉ်ကျေးမှုလှုပ်ရှားရေးမှာ ဝင်ပါခဲ့တယ်။ ကျောင်းပိတ်ရင်ကလေးတွေက သျှမ်းစာသင်ပေးတယ်လေ။
မေး။ ။ သျှမ်းစာပေသင်တန်းနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။မိုးကုတ်မှာ သျှမ်းစာပေသင်တန်းကိုစိတ်ဝင်စားတဲ့လူများတယ်။ သျှမ်းဝတ်စုံဝတ်ကြတယ်။ သျှမ်းစကား တွေလည်း ပြောလေ့ပြောထ ရှိလာတယ်။ ၁၀ ရပ်ကွက်ကျော်တယ်ဆိုပေမယ့် သျှမ်းစကားက သိပ်မပြောဘူးလေ။ အနာဂတ်မှာ စိတ်ပူတယ်။ ဒါကြောင့် သျှမ်းစာသင်တန်းမှာ အားစိုက်ကူညီပေးတယ်။
လူကြီးသူမ တွေလည်း မိုးကုတ်မှာ သျှမ်းစာပေယဉ်ကျေးမှုရုံးဆိုတာရှိလာပြီ။ နွေရာသီကျရင်သင်တန်းဖွင့်သွားမယ် ။ အမြဲတမ်းဖွင့်လှစ်သင်ကြားပေးဖို့ အစီအစဉ်ရှိပါတယ်။ အခုတော့ မိုးကုတ်နဲ့ သျှမ်းပြည်ကအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်လှုပ်ရှားတာတွေရှိလာပါတယ်။
ဒါကြောင့် သျှမ်းပြည်လူငယ်တွေ သျှမ်းပြည်ကို အကျိုးပြုဖို့ - မူးယစ်ဆေးဝါးနဲ့ကင်းအောင်နေ။ သျှမ်းစာပေယဉ် ကျေးမှုအသင်းတွေမှာ တတ်နိုင်သလောက် ပါဝင်ပူးပေါင်းကူညီရင် - သျှမ်းပြည်ရဲ့ လူကောင်းလူမွန် တယောက် ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။