ထိုင်း မော်ဒယ် လောကအတွင်း တောင်ကြီး ထွန့်ပုံး သူလေး နာမည် ကြီးနေ

ထိုင်း မော်ဒယ် လောကအတွင်း တောင်ကြီး ထွန့်ပုံး သူလေး နာမည် ကြီးနေ
by -
သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရွှေ့ပြောင်း အလုပ်သမား အဖြစ် ရောက်ရှိ အလုပ် လုပ် နေသော သျှမ်းပြည် တောင်ပိုင်းမှ အမျိုးသမီး တစ်ဦး ရုပ်ရည် ချောမော လှပ မှုကြောင့် ချင်းမိုင် မြို့တွင် မော်ဒယ် အလုပ် တဖက် စားသောက်ဆိုင် စားပွဲထိုး အလုပ် တဖက်ဖြင့် ထိုင်းမော်ဒယ် အသိုင်းအဝိုင်း နှင့် သတင်း မီဒီယာ လောက တွင် ယခုလအတွင်း နာမည် အထူး ကြော်ကြား လာသည်။

ဩဂတ်စ်လ ၁၈ ရက်က သျှမ်းသံတော်ဆင့်သတင်းဌာန ဝိုင်းတော်သားများက အဆိုပါအမျိုးသမီးအလုပ်လုပ် နေသည့်နေရာသို့သွားရောက်ကာ တွေ့ဆုံမေးမြန်းရာတွင် ထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသည်မှာ ရ နှစ်ရှိပြီဖြစ်ကြောင်း ၎င်းက ဤကဲ့သို့ ပြောပြသည်။

01-nang nood

“သျှမ်းနာမည်က နန်းနွတ် အသက် ၂၅ နှစ် ပါ။ ဒီရောက်တော့ အလုပ်ရှင်တွေက နောင့်နဲန်း လို့ ခေါ်ကြပါတယ်။ ကျမ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲက ပုံးအင်းဒေသကပါ။ မိဘတွေကတော့ လယ်ယာလုပ်ကိုင်ကြ ပါတယ်။ ကျမတို့ မောင်နှမ သုံးယောက်ရှိပါတယ်။ အခုဒီမှာ  အမ နန်းဆိုင်ဟွမ် နဲ့အတူတူ အလုပ်လုပ်နေပါတယ်။” ဟု  ထိုင်းမော်ဒယ် တဖြစ်လည်း ရွှေ့ပြောင်းအလုပ်သမား နန်းနွတ်က ပြောသည်။

နန်းနွတ်သည် ယခုလက်ရှိ ချင်းမိုင်မြို့ ဆန်ဖီဆေ့ရပ်ကွက် “လပ်တုန့်ယန်” အမည်ရှိ စားသောက်ဆိုင်တခုတွင် စားပွဲထိုးအလုပ်လုပ်နေသည်။

နန်းနွတ် ခေါ် နောင့်နဲန်းသည် ရုပ်ရည်လှပမှုကြောင့် ဓါတ်ပုံအဖွဲ့က ခေါ်ယူက မဂ္ဂဇင်း၊ ဝတ်စားဆင်ယင်မှု အတွက် မော်ဒယ်ဓါတ်ပုံ ကြော်ငြာ ရိုက်ခိုင်းနေသည်မှာ ၂ နှစ်ကျော် ၃ နှစ်ရှိနေပြီဖြစ်ကြောင်း ပြောသည်။

ထိုမတိုင်ခင်က သက်ကြီးပြုစုသည့်အလုပ်၊ စားသောက်ဆိုင်များတွင်စားပွဲထိုးအလုပ်မှအစ ဆောက်လုပ်ရေး အလုပ် ပါမချန် လုပ်ကိုင်ခဲ့ဖူးကြောင်း၊ လက်ရှိစားသောက်ဆိုင်တွင်ရောက်ရှိအလုပ်လုပ်ကိုင်နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ် ကြောင်းပြောဆိုသည်။

“ဆိုင်မှာလာစားနေကျ ဖောက်သည်တွေက မကြာခဏ ဓါတ်ပုံအတူတူရိုက်ကြရာကနေ မော်ဒယ်ရိုက်ဖို့ အထိဖြစ် လာတာပါ။ ကျမကိုယ်တိုင်ကတော့ ဘာမှ မသိမတတ်ပါဘူး။ အသင်းအဖွဲ့တွေက သင်ကြားပေးလို့ ဖြစ်လာတာပါ။” ဟုဆိုသည်။

ချင်းမိုင်သျှမ်းစာပေယဉ်ကျေးမှုအသင်း သျှမ်း နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေး၊ သျှမ်းလူမှုအသိုင်းအဝိုင်းတွင် ပါဝင်လှုပ်ရှားဖို့ နန်းနွတ် ပြောထားသည်ဟု လည်း ဥက္ကဌ စိုင်းဆိုင်ယ ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသ သည် တောင်ကြီးမြို့ အရှေ့တောင်ဘက် မိုင် ၂၀ ကျော်အကွာတွင် တည်ရှိသည်။ ယခင်က တောင်ကြီးမြို့နယ်အတွင်းပါဝင်သော်လည်း လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အသက်ရှင်လာသည့်နောက်ပိုင်း ပုံးအင်းဒေသသည်လည်း သုံးပိုင်းကွဲကာ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့ နယ်ခွဲ အတွင်း ပါဝင်သွားသည်။

Most read this week