သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အား ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ အသစ် ပြန်လည် ဖွဲ့စည်း ပေးဖို့ ကျားဖြူ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ထပ်မံ စာရေးတောင်း ဆိုလိုက်သည်။
၂၀၁၄ ခုနှစ်မကုန်မီ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား တရားမျှတ မှုရှိစေရန် နမ့်ခမ်းမြို့နယ်ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ နှင့် အဖွဲ့ဝင်များအားလုံး ဖျက်သိမ်း၍ အသစ်ပြန်လည် ဖွဲ့စည်း ပေးရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (နေပြည်တော်အစိုးရ) ထံ ၁၁၊၈၊၂၀၁၄ ရက်စွဲဖြင့် စာရေးတောင်း ဆိုခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့ ကျားဖြူ ပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNLD ဒုဥက္ကဌ ဆရာစိုင်းစောလှ က ဤကဲ့သို့ပြောသည်။
“နမ့်ခမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ ဉက္ကဌ က ကျနော်တို့ နမ့်ခမ်းမြို့ခံ လည်းမဟုတ်ဘူး၊ ယုံကြည်စိတ်ချရမယ့်သူ ဘက်မလိုက်တဲ့သူ သိက္ခာ သမာဓိပြည့်စုံတဲ့သူ ဖြစ်သင့်တယ်လေ။ ဒါကြောင့် ရှိနေတဲ့ကော်မရှင်ကို ဖျက်ပြီး အသစ်ပြန်ဖွဲ့ပေးဖို့ ကျနော်တို့ တောင်းဆိုရတာဖြစ်တယ်” ဟု ဆရာ စိုင်းစောလှ ကပြောသည်။
နမ့်ခမ်းမြို့ခံ ခိင်းစိုင်းစံကလည်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ် နမ့်ခမ်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် တွင် ဆရာစိုင်းစောလှ ကျားဖြူ နှင့် ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့် ပြည်ခိုင်ဖြိုးတို့ ယှဉ် ပြိုင်ရာ ဆရာစိုင်းစောလှ မှ မဲအပြတ်အသတ်ဖြင့် အနိုင်ရသော်လည်း အချိန်ကြာမြင့်စွာ ဆိုင်းငံ့ပြီး ရလဒ်ထုတ်ပြန်ချိန် တွင် ဦးကျော်မြင့်က အနိုင်ရရှိသွားကြောင်းပြောပြသည်။
“ဒါက ကျနော်တို့နဲ့ မဆိုင်ဘူး။ ကြိုတင်မဲ လာပေါင်းတော့ ဦးကျော်မြင့် အနိုင်ရတာဘဲ။ ကျနော်တို့က တော့ မဟုတ်တာမလုပ်ဘူး။ တောင်းဆိုမှု ရှိရင်တော့ အသစ်ပြန်ဖွဲ့လဲ ဘာဖြစ်သေးလဲ။ လူထု အတွက် ဘဲ” - ဟု အမည်မဖေါ်လိုသည့် နမ့်ခမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ တဦးကပြော သည်။
ယခုနှစ်အတွင်းကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲသည် နမ့်ခမ်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာစိုင်းကျော်အုန်းက ဟိုတယ်ခရီးသွားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ၏ လစ်လပ်နေရာ အတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။