သျှမ်းမြောက် နမ့်ခမ်းမြို့ SNDP ကျားဖြူပါတီရုံး၌ မူစယ်မြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင် က နမ့်ခမ်းမြို့ရှိ ဒေသခံများအား လာရောက် တွေ့ဆုံကာ နယ်နိမိတ်မျဉ်းနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေး ခဲ့မှုကို ပြန်လည် ရှင်းပြ ခဲ့ကြောင်း ပြောသည်။
သြဂတ်စ်လ ၅ ရက်နေ့က ဒေသခံလူထုအား ကျားဖြူပါတီ လွှတ်တော်အမတ်က လာရောက်တွေ့ဆုံရခြင်း အကြောင်းမှာ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် ပထမအကြိမ် ဒသမပုံမှန်အစည်းအဝေး (၁၂) ရက် မြောက်နေ့ အစီအစဉ်၌ စိုင်းဘိုးအောင်ကတင်ပြသော တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် ပြသနာနှင့် ပတ်သက် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖြေကြားချက်ကို ပြန်လည် ရှင်းလင်း ပြောဆိုမှုကို ပြန်လည်ရှင်းပြခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကျားခေါင်းပါတီ ဒု- အတွင်း ရေးမှူးစိုင်းဆိုင်ဖ ကဆိုသည်။
“နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာတုန်းက အဲဒီတလျှောက်မှာနေထိုင်တဲ့ ရွာလူကြီး ၂၁ ဦးကိုလည်းခေါ်ယူပြီး ရှင်း ပြထားတယ်။ အဲတာပြီးရင် နယ်နိမိတ်တိုင်းတာကြတယ်၊ တရုတ်ပြည်ပိုင်မြေထဲကို မြန်မာ နိုင်ငံဘက်က ရွာသားတွေက မြေ ၄၂ ဧကလောက် ကျူးကျော်ပြီးလယ်ယာစိုက်ပျိုးနေကြတယ် စသဖြင့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကဖြေကြားခဲ့ တယ်။ ” ဟု မူစယ်ပြည်သူ့့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က ပြန်လည်ပြောပြခဲ့ကြောင်း ကုန်းဆာ ကျေးရွာ လူငယ်ခေါင်း ဆောင်တစ်ဦးက ဆိုသည်။
တွေ့ဆုံပွဲကို မနက် ၁၁ နာရီမှ နေ့လည် ၁နာရီအထိကျင်းပရာ ကျားခေါင်းပါတီ၊ ကျားဖြူပါတီ အကြီးအကဲ များနှင့်ကုန်းဆာ၊ မန့်နောင်ရွာ အုပ်ချုပ်ရေးမှူးနှင့် လူငယ်ခေါင်းဆောင်များ တက်ရောက်ကြကြောင်း ကျားခေါင်း ပါတီ ဒု- အတွင်းရေးမှူး စိုင်းဆိုင်ဖ ကပြောသည်။
“နယ်နိမိတ်တိုင်းတာက ၂၀၁၄ မေလ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ၊ တိုင်းတာတုန်းကလည်း ကျနော်တို့ ရွာသားတွေကို အသိမပေးခဲ့ပါဘူး၊ တိုင်းတာပြီးနောက်ဆုံးနေ့ မေလ ၃၀ ရက် ညနေပိုင်းမှာမှ တိုင်းတာပြီးစီး ပြီဖြစ်ကြောင်း သစ်သားတိုင်တွေလဲစိုက်ထားပြီးပြီဖြစ်ကြောင်း၊ သစ်သားတိုင်ရဲ့တဘက်ခြမ်းမှာဆိုရင် တရုတ် ပိုင်မြေဖြစ်သွားပြီဖြစ်ကြောင်း ကျနော်တို့ ရွာသားတွေကိုလာပြီးအကြောင်းကြားတာ။” ဟု ပြောသည်။
“ကျနော်တို့ တစ်ခါမှ ရွှေလီမြစ်ကိုကျော်ပြီး တရုတ်နိုင်ငံပိုင်မြေထဲကို လယ်ယာစိုက်ပျိုးခြင်း မရှိခဲ့ပါဘူး၊ ဘာ ကြောင့် ပြည်ထောင်စုဝန်ကြီးက ကျနော်တို့ကို တရုတ်ပိုင်မြေထဲ ၄၂ ဧကကျူးကျော်တယ်လို့လာပြောတာလဲ။ ပြီးတော့ ကျနော်တို့ ဘိုးဘွားစဉ်ဆက် နှစ်ပေါင်းရာနဲ့ချီ စိုက်ပျိုးလာတဲ့မြေ ၁၃၀ ဧကကျော်ကို တရုတ်ပိုင်မြေ အဖြစ် ဘာကြောင့် သတ်မှတ်ပေးရတာလဲ ” ဟု ၎င်းလူငယ်ခေါင်းဆောင် က သျှမ်းသံတော်ဆင့်အား ပြော သည်။
မူစယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဘိုးအောင်မှ ပြည်သူ့လွှတ်တော်ထဲတွင် တင်သွင်းခဲ့သောအဆို များမှာ (က) မိမိတို့၏နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်နိမိတ်တည်မြဲရေး (ခ)နိုင်ငံတော်နယ်နိမိတ်ပိုင်ဆိုင်မှုထိ ပါးစေမည့်အရေးကာကွယ်ရန် အတွက် နှစ်နိုင်ငံစာချုပ်နှင့်အညီ တိုင်းတာဆောင်ရွက်ရေး (ဂ)နယ်နိမိတ် ပြောင်း လဲသတ်မှတ်ခြင်းအား ဖွဲ့စည်းပုံဥပဒေနှင့်အညီ ဆောင်ရွက်ရေး (ဃ) မိမိပိုင်နက်နယ်မြေဆုံးရှုံးစေမည့် ကိစ္စ လုပ်ဆောင်ကြသည့် မိမိနိုင်ငံသားများအား ထိရောက်စွာအရေးယူရန် စသည့်အချက်များကို တင်သွင်း တောင်း ဆိုခဲ့ခြင်းဖြစ်သည်။