ထိုင်းနိုင်ငံ အလယ်ပိုင်း ဘန်ကောက်မြို့ အနီးရှိ ပထုမ် ထာနီ ခရိုင်တွင် ဩဂတ်စ်လ ၁၁ ရက် ယနေ့ ညနေ ပိုင်း ၃ နာရီခန့်က ဆောက်လက်စ ၆ ထပ်တိုက်ပြိုကျ သဖြင့် ဆောက် လုပ်ရေး အလုပ်သမား ၃၀ ခန့် တိုက်ပြို အောက်တွင် ပိမိနေကြောင်း ထိုင်း သတင်းဌာနများ ကထုတ်ပြန်သည်။
အဆိုပါတိုက် ဆောက်လုပ်ရေးအလုပ်သမားအများစုသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး သားငယ်အားတင်း ကျပ်စွာ ဖက်ထားသော သားအမိ အလောင်းအပါ အဝင်ညနေပိုင်းအထိ သေဆုံးသူအလောင်း ၄ လောင်းနှင့် ဆေးရုံပို့ထား သည့်ဒဏ်ရာရသူ ၁၉ ဦး ထုတ်ယူနိုင်ပြီဖြစ်ကြောင်းလည်း ထိုင်းနေးရှင်းသတင်း တွင်ဖော်ပြထားသည်။
batum tarniပထုမ်ထာနီမှ ပြည်ထဲရေးဝန်ကြီးဌာန လူထု ဘေးအန္တရာယ် ကာကွယ်ရေးဌာနအကြီးအကဲက အဆိုပါတိုက်ပြိုကျမှုအောက်တွင် ပိမိနေသူများအား အမြန်ဆုံးကယ်တင်နိုင်ရေးအတွက် သက်ဆိုင်ရာများအား အမိန့်ထုတ် ညွှန်ကြားထားသည်ဟုလည်းဆိုသည်။
အဆိုပါ တိုက်သည် ခလောင်းလုံ မြို့နယ် ပထုမ်ထာနီ နည်းပညာတက္ကသိုလ် အနီးတွင်တည်ရှိပြီး အပေါ်ဆုံးအထပ်တွင် ဘိလပ်မြေကွန်ကရစ် ကြမ်းခင်းနေ စဉ် အောက်ထပ်များက အဆိုပါ အလေးဒဏ် မခံနိုင်သဖြင့် ပြိုကျရခြင်းဖြစ်ကြောင်း အစိုးရ၏ဆောက်လုပ်ရေးပိုင်းဆိုင်ရာ က ခန့်မှန်းပြောဆိုသည်။
ယူကွန်ဒို ဟုအမည်ရသောအဆိုပါ တိုက်ကို ပလုခ် ပလိုင်း ကုမ္မဏီက တာဝန်ယူဆောက်လုပ်နေပြီး ဆောက်လုပ်ရေးအင်္ဂျင်နီယာနှင့်အဖွဲ့မှာ ယနေ့ညနေပိုင်းအထိ တရားဝင် ထုတ်ဖော်ဝန်ခံခြင်းမရှိသေးကြောင်း သတင်းများတွင်ဖော်ပြထားသည်။