နားဟိုင်းလုံ ရွှေ တူးဖော်ရေး လုပ်ငန်း ချက်ချင်း ရပ်ဆိုင်းရန် သျှမ်းသတ္တုတွင်းဝန်ကြီး ညွှန်ကြား

နားဟိုင်းလုံ ရွှေ တူးဖော်ရေး လုပ်ငန်း ချက်ချင်း ရပ်ဆိုင်းရန် သျှမ်းသတ္တုတွင်းဝန်ကြီး ညွှန်ကြား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ရုံး၌  သျှမ်းပြည်နယ် အစိုးရ သတ္တုတွင်းနှင့် သစ်တော ဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်းက နားဟိုင်းလုံ ဒေသခံ လယ်သမား များနှင့် ရွှေတူးဖော်ရေး ကုမ္မဏီများအား တွေ့ဆုံရာတွင်  လူထုအား နစ်နာ စေသည့် ရွှေ တူးဖော်ရေး စီမံကိန်း လုံးဝ ရပ်တန့်ရန် တိုက်ရိုက် ညွှန်ကြား လိုက်သည်။

ဩဂတ်စ်လ ၅ ရက် ညနေ ၃ နာရီခွဲက ဝန်ကြီးစိုင်းအိုက်ပေါင်းနှင့် အတူ တာချီလိတ်မြို့ ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊  လွှတ်တော်အမတ်များ၊  သတ္တုတွင်း လုပ်ငန်းရှင်များ၊  နစ်နာရသည့် နားဟိုင်းလုံဒေသခံများစုံညီတက်ရောက်သည့်အခမ်းအနားတွင် ဝန်ကြီးစိုင်းအိုက်ပေါင်းက  တူးဖော်နေသည့် ရွှေတွင်းများ အားလုံး ရပ်တန့်ရန်၊ ပျက်စီးသွားသောလယ်ယာမြေများ ပကတိအတိုင်း ပြုပြင်ပေးရန်၊ လျော်ကြေးများလည်း ထိုက်ထိုက်တန်တန်ပေးလျော်ရန် ကုမ္မဏီများအား ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

00100-NHL2

၎င်းနှင့်ပတ်သက်၍ လယ်ယာမြေဆုံးရှုံးရသူ ဒေသခံ ဆရာမနန်းလာက “ ၆ ရက်နေ့က စပြင်မယ်။ စိုက်ပျိုးနိုင်တဲ့အထိပေါ့။  နက်ဖြန်ကနေ ၁၅ ရက်နေ့အထိ  အဲဒီအတော အတွင်းပေါ့။ နစ်နာဆုံးရှုံးရတဲ့ လယ်ယာမြေတွေကို ဌာနဆိုင်ရာတွေကနေ လာရောက် တိုင်းတာ ပေးမယ်။  လုံးဝ ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် တဧက ၆ သိန်းခွဲကို အဲဒီနေ့မှာဘဲ ကုမ္မဏီကနေ တခါတည်းလျော်ကြေးပေး ဖို့လည်း ဝန်ကြီးကပြောတယ်” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထို့အပြင် လယ်သမားသမားများအား ကုမ္ပဏီများဘက်က (၁) လယ်ယာမြေအတွင်း ဖုံးလွှမ်းနေသည့် သဲနှုန်းများအား ဖယ်ရှားပေးရန်   (၂) လုံးဝပျက်စီးသွားသောလယ်ယာမြေများအတွက် တဧက ကျပ် ၆၆၀၀၀၀ ပေးလျော်ရန်၊  မပျက်စီးသေးသော်လည်း စိုက်ပျိုး၍မရသည့်လယ်ယာမြေများကို  ပြန် လည်စိုက်ပျိုးနိုင်သည့် အထိ ပကတိအတိုင်း ဖြစ်အောင် ပြုပြင်ပေးရန်နှင့်ထိုက်တန် သည့် လျော်ကြေး များပေးဆောင်သွားရန် (၃) ရွှေတူးဖော်နေသည်ကုမ္မဏီများ  လုပ်ငန်းလည်ပတ်မှုအားလုံး  လုံးဝ ရပ်ဆိုင်းရန် ဝန်ကြီးစိုင်းအိုက်ပေါင်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

 အခမ်းအနား၌  လွယ်ခမ်းလုံ ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသိန်းကိုဝင်းက  လွယ်ခမ်းလုံ အနေဖြင့် နိုင်ငံတော် အစိုးရထံ ရွှေတွင်းလုပ်ကွက် ၄ ကွက်မှ ရွှေ  ၄ ပိဿာခွဲကျော်ပေး သွင်းနိုင်ခဲ့ကြောင်း၊ ဒေသခံများအတွက်လည်း ကျပ်သိန်းပေါင်း ၁၃၀၀ ကျော် ကူညီထောက်ပံ့ ပေးခဲ့ကြောင်း အခမ်းအနား  တက်ရောက်သည့်တာချီလိတ်မြို့နေ စိုင်းခမ်းနွဲ့ကပြောသည်။

လယ်ယာမြေများပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် နစ်နာသည့်လျော်ကြေးများပြန်လည် ရရှိရေးအတွက် ဂျူလိုင်လလယ်က နားဟိုင်းလုံဒေသ လယ်သမားကိုယ်စားလှယ်များက သျှမ်းပြည်နယ်မြို့တော် တောင်ကြီးအထိ တက်ရောက်တောင်းဆိုခဲ့ဖူးသည်။

 ကျားဖြူပါတီဥက္ကဌ ၊ သတ္တုတွင်းနှင့်သစ်တော ဝန်ကြီးစိုင်းအိုက်ပေါင်းနှင့်လည်းထိုစဉ်ကပထမအကြိမ်တွေ့ဆုံ ခဲ့ပြီးဖြစ်သည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် ရွှေတူးဖော်နေသည့်ကုမ္မဏီ ၆၃ ခု ရှိပါသည်။ ထိုအနက် နားဟိုင်းလုံဒေသတွင် စိုင်းတစ်၊ စိုင်းစိုက်ပျိုးရေး၊ လွယ်ခမ်းလုံ စသည့်ကုမ္မဏီအပါအဝင် ကုမ္မဏီ ၁၀ ကျော် ရွှေတူးဖော်နေသည်ဟု သိရသည်။