မိုင်းရှူးမြို့ စရဖ ဗိုလ် ဓါးခုတ် ခံရ

မိုင်းရှူးမြို့ စရဖ ဗိုလ် ဓါးခုတ် ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင်  တာဝန်ကျ  အစိုးရ တပ်မတော် စစ်ဘက်ရေးရာ လုုံခြံုရေး အရာရှိ စရဖ ဗိုလ်အောင်စည်ဝေသည် ယာဘ ဆေးပြား သုံးပြီး ဒေသခံနှင့် စကားများရာ ဦးခေါင်း၌ ဓါးခုတ်ခံရ ကြောင်း ဒေသအတွင်း သတင်း ရပ်ကွက်က ပြောသည်။

သြဂတ်စ်လ ၃ ရက်က မိုင်းရှူးမြို့နယ် စရဖ မှူး ဗိုလ်အောင်စည်ဝေနှင့် တပည့်အောင်မျိုးနိုင် တို့ သည် မိုင်းရှူးမြို့အစပ် ပန်စွဲရွာ (မိုင်းရှူး - မိုင်းစန် - ကာလိလမ်း) သို့ရောက်ရှိပြီး ယာဘဆေးပြား လိုက်တောင်းကြောင်း၊ အိမ်ရှင် (ဦး)လုံးကောယန်းက ဆေးပြား၂  ပြား ၀ယ်ပေးခဲ့ကြောင်း၊ ထို့နောက် တစ်ယောက်တခွန်း စကားများကြရာမှ အိမ်ရှင် လုံးကောယန်းက ဓါးဖြင့်လိုက်ခုတ်ကြောင်း၊ စရဖ ၂ ဦး ကလည်း ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သောကြောင့် လုံးကောယန်း သေနတ်သုံးချက် ထိမှန်ကာ ထွက် ပြေးလွတ်မြောက် သွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

“လုံကောယန်းကပြောတယ်။ ကျနော်မှာ ၂ ပြားဘဲရှိတော့တယ်။ ဗိုလ်လုံထပ်စားချင်သေးရင် ပိုက်ဆံပေး ကျနော်ရှာပေးမယ်ပြောတယ်။ ဟိုကလဲ ဗိုက်ဆံမပေးနိုင်ဘူး ဘာညာနဲ့စကားများတယ်။ လုံးကောယန်း ကလဲ စိတ်ဆိုးပြီး ဓါးနဲ့လှမ်းခုတ်တာ။ ဟိုနှစ်ယောက်ကလဲ သေနတ်နဲ့ လှမ်းပစ်တာ။ သုံးချက် ထိတယ်။ မသေဘူး။ ထွက်ပြေးလွတ်မြောက်သွားတယ်။” ဟု အမည် မဖေါ်လိုသူ တစ်ဦးကပြောသည်။

 ဓါးခုတ်ခံရသည့် စရဖ ဗိုလ် အောင်စည်ဝေမှာ ဆေးရုံသို့ပို့ဆောင်ဆေးကုရာ ၃၂ ချက်ချုပ် ရကြောင်း၊ ဆေးပြား နှစ်ပြားအမှန်တကယ်သုံးမိကြောင်း ပြောသည်ဟု အမည်မဖေါ်လိုသည့် တပ်အသိုင်းအဝိုင်း ကလည်းပြောသည်။

“သူပြောတာကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကား သုံးစွဲတဲ့သူကို သွားရောက်နှိမ်နင်းပြီး အခုလိုဖြစ်လာတာတဲ့။ ဆေးရုံရောက်တဲ့အထိ စကားပြောနိုင်တယ်။ ကြောင်တော့နည်းနည်း ကြောင် နေတာပေါ့။ ဓါးခုတ်ခံရလို့လား။ ဆေးကြောင်လို့လားတော့ မပြောတတ်ဘူး။ ကျနော်တို့ သိတာ တော့ အဲဒီအိမ်သူသွားနေကျပါ။ ဘာဖြစ်လို့ အခုဒီလိုဖြစ်တာလဲမသိဘူး” ဟု ပြောသည်။

စရဖ ဗိုလ်အား ဓါးဖြင့်ခုတ်ပြီးထွက်ပြေးသွားသည့် လုံးကောယန်း၏  ဇနီး နန်းဆိုင်ခမ်း အား သြဂတ်စ် ၄ ရက်နေ့က တပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း၊ အမှတ် ၂ စစ်ဆင်မှု  ကွပ်ကဲ ရေးဌာနချုပ် စကခမှူးးမှလည်း ဓါးဖြင့်ခုတ်သည့် တရားခံအား မဖမ်းဆီးပေးနိုင်ပါက ပန်စွဲရပ်ကွက် အုပ်ချုပ်ရေးမှူးး လုံးစောလုံ အား ဖမ်းဆီးထောင်ချမည်ဟု ခေါ်ယူခြိမ်းခြောက် ထားကြောင်း လုံးစောလုံနှင့် နီးစပ်သူတစ်ဦးကပြောသည်။

စရဖ ဗိုလ် အောင်စည်ဝေ အား မိုင်းရှူးပြည်သူ့ဆေးရုံမှ ခိုလမ် (ရလခ စစ်တိုင်းရုံးအခြေစိုက်) စစ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်းသိရှိရသည်။