သျှမ်း၂ပါတီ အုပ်ချုပ်ရေးပိုင်းနှင့် နောင်မတာ ရွာသားများ တွေ့ဆုံ

သျှမ်း၂ပါတီ အုပ်ချုပ်ရေးပိုင်းနှင့် နောင်မတာ ရွာသားများ တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း ၊ နမ့်ခမ်း မြို့ရှိ သျှမ်းပါတီ နှစ်ခုမှ အုပ်ချုပ်ရေးပိုင်းနှင့် ရပ်မိ ရပ်ဖများ စုပေါင်းပြီး နောင်မတာကျေးရွာ ဒေသခံများအား  သြဂတ်စ်လ ၃ ရက်နေ့ က သွားရောက် တွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိသည်။

ဂျူလိုင်လ ၂၉ ရက်က နောင်မတာကျေးရွာတွင်တပ်စခန်းအခြေစိုက် အစိုးရစစ်တပ်အရာရှိနှစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ကျေးလက်အကြီးအကဲတချို့အား အစိုးရစစ်တပ်က ဖမ်းဆီးရိုက်နှက်စစ်ဆေးရာ   ရွာသားများ ကြောက်လန့်တုန်လှုပ်ကာ ရွာလုံးကျွတ် တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

01- nmt

 ယခုအခါ နေရပ်ပြန်ရန် သက်ဆိုင်ရာအဏာပိုင်များကပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း လိုက်ပါတွေ့ဆုံသူ စိုင်းယီ က ဆိုသည်။

“အာဏာပိုင်ဘက်က ပြန်ခေါ်နေတော့ ရွာသားများရွာသို့ပြန်မလာရဲသောကြောင့် ကျားခေါင်း၊ ကျားဖြူ ပါတီ ရယ်၊ ရပ်မိရပ်ဖတချို့နဲ့ ဒေသခံရွာသားများကို သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်တယ် ” ဟု ၎င်းကပြောသည်။

နောင်မတာကျေးရွာတွင် အိမ်ခြေပေါင်း ၁၂၀ ကျော်၊ လူဦးရေ ၄၀၀ ကျော်ရှိသည်။  မြန်မာ့တပ်စခန်းမှရွာ သားများအား ဖမ်းဆီးရိုက်နှက်မှုကြောင့် ၎င်းအစိုးရတပ်စခန်းအနီးရှိ နေအိမ် ၃ လုံးနှင့် ကုန်စုံဆိုင်တစ်ဆိုင် မှလွဲ၍ ရွာသားများအားလုံးထွက်ပြေးကြသည်ဖြစ်ရာ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများပါ မကျန်ပိတ် ထားသည်ကိုတွေ့ရကြောင်း တွေ့ဆုံပွဲလိုက်ပါသူ ကျားခေါင်းပါတီ အကြီးအကဲတစ်ဦးက ဆိုသည်။

“ မနက် ၁၀ နာရီမှာ ရွာသားတွေနဲ့တွေ့ဆုံတယ်။ ရွာသား ရ၀ ကျော်လောက်ပဲလာတယ်၊  အစိုးရဘက်က ခိုင်လုံတဲ့ အာမခံချက်ပေးမှ ရွာပြန်မယ်လို့ တင်ပြတောင်းဆိုတယ်   ” ဟု ၎င်းကပြောသည်။

ရွာသားများ၏ တင်ပြတောင်းဆိုမှုကို  နောင်မတာကျေးရွာအခြေစိုက် တပ်စခန်းမှူးး ဗိုလ်ကြီးသန့်ဇင်ထွန်းက  “ ကျနော်တို့တပ်ရှိနေရင်တော့ ရွာသားတွေကို ရိုက်နှက်စစ်ဆေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ တပ်ပြောင်း သွားရင် အသစ်ရောက်လာတဲ့တပ် အပြုအမူကိုတော့ ကျနော်တို့ အာမ မခံရဲပါဘူး ” ဟု  ဖြေဆိုကြောင်း အဆိုပါ ပါတီအကြီးအကဲက သျှမ်းသံတော်ဆင့်အား ပြောသည်။

နောင်မတာကျေးရွာတွင် RCSS/SSA သျှမ်းပြည်တပ်မတော် အမှတ် ရဝ၁ စစ်ဒေသ တပ်စခန်းလာမစိုက်ခင်  ပန်းဆေး ပြည်သူ့စစ်တပ်များ လှုပ်ရှားစဉ်ကလည်း ဒေသခံရွာသားများအပေါ် လူ့အခွင့်အရေးချိုး ဖောက်ခဲ့ ကြောင်း၊ ၂၀၁၃ မေလက အစိုးရတပ်မတော်မှ  RCSS/SSA သျှမ်းပြည်တပ်မတော်ကို တိုက်ထုတ်ခဲ့ပြီး အဆိုပါ နေရာတွင် လာရောက် စခန်းချခဲ့ချိန်မှစ၍ ဒေသခံပြည်သူလူထု အေးအေးချမ်းချမ်း မနေရကြောင်း၊ ထို့ကြောင့် နောင်မတာကျေးရွာ ဒေသခံများသည် ၎င်းရွာထဲသို့ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့အား မလှုပ်ရှားစေလို ကြောင်း နောင်မတာကျေးရွာသား တစ်ဦးကဆိုသည်။  

သြဂုတ်လ ၃ ရက်က  နောင်မတာကျေးရွာ၌ပြုလုပ်သော အဆိုပါတွေ့ဆုံပွဲတွင် အစိုးရတပ်၏ ဖမ်းဆီးရိုက် နှက်မှုကြောင့် နောင်မတာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် (၅) ဦးသည် တရုတ်နိုင်ငံဘက်ခြမ်း ဆေးရုံတခုတွင် ဆေးကုသမှု ခံနေရသောကြောင့် ၎င်းတွေ့ဆုံပွဲကို တက်ရောက်ခြင်းမရှိခဲ့ကြောင်းသိရသည်။

Most read this week