မိုင်းပေါ်စျေး မီးလောင် ကျပ်သိန်း ၈၀ ထက် မနည်း ဆုံးရှုံး

မိုင်းပေါ်စျေး မီးလောင် ကျပ်သိန်း ၈၀ ထက် မနည်း ဆုံးရှုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ မိုင်းပေါ်စျေး ဇူလိုင်လ ၃၀ရက်နေ့က မီးလောင်ကျွမ်းခဲ့ရာ ကျပ်သိန်း ၈၀ ထက်မနည်း ဆုံးရှုံးသွားကြောင်း ဒေသတွင်းသတင်းအရ သိရှိရသည်။

“မီးလောင်တဲ့အချိန်က မနက်စောစော ၄ နာရီခွဲလောက်။ ခေါက်ဆွဲဆိုင်က လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ပြီး လောင်တယ်လို့ အာဏာပိုင်တွေက ပြောတယ်။ စျေးရဲ့သုံးပုံနှစ်ပုံလောက် မီးထဲပါသွား တယ်” ဟု မိုင်းပေါ်ဒေသခံ စိုင်းကျော်က ပြောသည်။

001 Fire

ဇူလိုင်လ ၃၀ ရက် နံနက် ၄:၃၀ နာရီက မီးစတင်လောင်ကျွမ်းရာ မူစယ်မီးသတ်ဖွဲ့၊ ပန်ဆိုင်းမီးသတ်ဖွဲ့နှင့် မိုင်းပေါ်ဒေသခံများ ဝိုင်းဝန်းငြိမ်းသတ်ကြသဖြင့် နံနက် ၅:၄၅ နာရီခန့် တွင် မီးညွန့်ကျိုး၍ ရ:၁၅ နာရီခန့်မှ မီးငြိမ်းသွားခဲ့ကြောင်း၊ ခေါက်ဆွဲဆိုင်ပိုင်ရှင်မှာ ဒေါ်မာထု ဖြစ်ကြောင်း သိရသည်။

စားသောက်ဆိုင်၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်၊ မီးဖိုချောင်သုံးပစ္စည်းအရောင်ဆိုင်၊ လယ်ယာ သုံးပစ္စည်းနှင့် ပိုးသတ်ဆေးအရောင်းဆိုင်− ၁၃၇ ခန်း လောင်ကျွမ်းကြောင်း၊ စုစုပေါင်းတန်ဖိုး ခန့်မှန်းချေ ကျပ်သိန်း ၈၀ ထက်မနည်း ဆုံးရှုံးကြောင်း စိုင်းကျော်က ဆိုသည်။

“လူနေအိမ်တွေကို ကူးစက်လောင်ကျွမ်းတာတော့ မရှိဘူး။ ထိခိုက်ဒဏ်ရာရတာလည်း မရှိဘူး။ လယ်ယာတွေမှာသုံးတဲ့ သီးနှံဖြန်းဆေး၊ ပိုးသတ်ဆေးအနံ့တွေ၊ ဂတ်စ်နံ့တွေ၊ ခြင်ဖျန်းဆေးနံ့ တွေ စူးစူးရှရှ ပျံ့လွှင့်နေတယ်” ဟု စျေးသည် ပါ့ဆွယ်ကလည်း ပြောသည်။

မူစယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ မိုင်းပေါ်ကျေးရွာသည် ဦးကိန်မိုင် ဦးဆောင်သည့် မိုင်းပေါ်ပြည်သူ့စစ် ထိန်းချုပ်ရာဒေသ ဖြစ်သည်။

Most read this week