သျှမ်းပြည် အရှေ့ပိုင်း မိုင်းယန်း မြို့နယ် မိုင်းပေါက် ကျေးရွာအုပ်စု UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ထိန်းချုပ် နယ်မြေ၌ ဖမ်းဆီး ရမိသည့် လောင်းကစား တီဗီဂိမ်း များအား ယမန်နေ့က မီးရှို့ ဖျက်ဆီးလိုက်သည်ဟု ဒေသခံများ ကပြော သည်။
UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ ဌာနချုပ်အခြေစိုက်ရာ မိုင်းပေါက် ( မိုင်းပေါက်ခရိုင်/ ဝ ဖွဲ့စည်းအုပ်ချုပ်အရ) ဒေသအတွင်း ရာဘ အပြား ၉ သောင်း၊ အိုက်စ် ၃ ကီလို၊ သေနတ်တို/ရှည် ၅၀ လက်၊ ဘိန်းမည်း ၃ ပိဿာ၊ လောင်းကစား တီပီဂိမ်းစက် အစုံ ၃၀ ဖမ်းဆီးရခဲ့ သည်ဟု ဆိုသည်။
သို့သော် ယမန်နေ့ မိုင်းပေါက်ခရိုင် အားကစားကွင်း၌ မီးရှို့ပြသသည့် ပစ္စည်းများသည် မူးယစ်ဆေးဝါးများ မပါရှိဘဲ တုဂိမ်းပါ (ငါးရုပ် လောင်းကားစား တီဗွီဂိမ်း) အစုံ ၃၀ သာဖြစ်သည်ဟု ဆိုသည်။
“မူးယစ်ဆေးဝါးတွေကို ဖမ်းတယ်။ တရားခံတွေကို အလုပ်ကြမ်း သွားလုပ်ခိုင်းတယ်။ သူတို့ရဲ့ တကယ့် လက်သည်ကြီးတော့ မဖမ်းမိဘူး။ ဖမ်းမိတဲ့ဟာတွေလဲ မီးမရှို့ဘူး။ တုဂိမ်းပါတွေကိုဘဲ မီးရှို့တာ။ ဂျွန် ၂၆ ရက်နေ့တုန်းကလဲ မရှို့ဘူး၊ အခုလဲ မရှို့ဘူး” - ဟု မိုင်းပေါက် ရပ်မိရပ်ဖ တစ်ဦးကပြောသည်။
ထို့အတူ ဒေသခံနောက်တစ်ဦးကလည်း ၀ ဒေသအတွင်း ဘိန်းစိုက်ပျိုးမှုမရှိပေမယ့်လည်း မူးယစ်ဆေးဝါး အထူးပေါများကြောင်း၊ အခြားဒေသမှ ဘိန်းများ၊ ဓါတုဆေးရေများ ဝယ်ယူကာ မူးယစ်ထုံထိုင်းစေသော ဆေးပြားများအမျိုးမျိုးထုတ်လုပ်နေသောကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်ရေး ဈေးမြို့တော်ဖြစ်နေကြောင်း ဝေဖန်ပြောဆိုသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့် ဦးအောင်မြင့်ကတော့ “ဒါ လုံးဝ မရှိဘူး လို့ ကျနော်တို့ မငြင်းဘူး။ အပြင်ကဝင်လာတွေလည်းရှိနေလို့လေ။ အတွင်း အပြင်ချိတ်ဆက်ပြီး ခိုးသွင်းနေတာ တွေရှိတယ်။ အခြေအနေကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ အခုကျနော်တို့ ဒါလုံးဝ ပပျောက် အောင်လုပ်နေ တာ။ ဝ ဒေသ ဘဏ္ဍာရေးအနေနဲ့ ဘိန်းအစားထိုး သီးနှံကရလာတဲ့ဝင်ငွေတွေဖြစ်ပါတယ်။” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
၂၀၁၄ ဂျွန် ၂၆ ရက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အားဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၄ မေလ မှ ၂၀၁၄ ဂျူလိုင် ၃၀ ရက်နေ့အထိ ဝ ဒေသ အတွင်း မြို့ဝင်မြို့ထွက်လမ်း၊ လမ်းဆုံ လမ်းခွ များ၌ လမ်းကင်းချကာ မူးယစ်ဆေးဝါးများအား သုံးလ တိုင်တိုင် စောင့်ကြပ်စစ်ဆေးခဲ့သည်ဟုလည်း ဝ မိုင်းပေါက် အရာရှိတစ်ဦးကပြောသည်။
ဝ တပ်ဖွဲ့သည် မြန်မာနိုင်ငံတွင် မြန်မာအစိုးရ တပ်မတော်ပြီးလျှင် တိုက်ခိုက်ရေး အင်အားဒုတိယ အကြီးမားဆုံး တပ်မတော်ဖြစ်ပြီး သျှမ်းပြည်နယ်မှ ခွဲထွက်ကာ နေပြည်တော်လက်အောက်ခံ သီးခြား ဝ ပြည်နယ် ထူထောင်ရန် လိုလားနေသည့် လူမျိုးစု တပ်ဖွဲ့ဖြစ်သည်။ အမေရိကန် အစိုးရကမူ ဝ တပ်ဖွဲ့အား မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဟု သတ်မှတ်ထားသည်။