သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် (တရုတ်နယ်စပ်) နောင်မတာရွာ အနီး အစိုးရ တပ်မတော် အရာရှိ သတ်ဖြတ် ခံရမှုနှင့် ပတ်သက်၍ ရွာအကြီး အကဲများနှင့် ဘာသာပြန် များအား ဆက်တိုက် ရိုက်နှက် စစ်ဆေး မှုကြောင့် ဒေသခံ ၄၀၀ ကျော် (ရွာလုံးကျွတ်) တရုတ် နယ်သို့ တိမ်းရှောင် လိုက်ရသည်ဟု သိရသည်။
နောင်မတာရွာအကြီးအကဲများအား အစိုးရတပ်မတော်က ဆင့်ခေါ်ကာ ဂျူလိုင် ၂၉ ရက်နေ့က တစ်ညလုံး ရိုက်နှက်စစ်ဆေးမေးမြန်းခြင်း၊ ဂျူလိုင် ၃၀ ရက်နေ့ကလည်း နံနက် ၆ နာရီမှ ည သန်းခေါင်အထိ ထပ်မံဆင့်ခေါ်ထိန်းသိမ်းခြင်း၊ ရိုက်နှက်စစ်ဆေးခြင်းများပြုခဲ့သည်သာမက ဂျူလိုင် ၃၁ ရက်နေ့တွင် လည်း အဆိုပါအကြီးအကဲများအား နံနက် ၆ နာရီ တပ်စခန်းသို့ ထပ်မံသွားရောက် အစစ်ဆေးခံရန် ဆင့်ဆိုခဲ့သေးသည်ဟုဆို၏။
ပျက်ကွက်ခဲ့ပါက ရွာအားမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်ဖြစ်ရာ အသက်အန္တရာယ်ပါထိပါးလာသော ကြောင့် ရွာမှထွက်ပြေးရခြင်းဖြစ်သည်ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“သူတို့ စစ်သားတစ်ယောက် က အရမ်းတန်ဖိုးရှိတာတဲ့။ စစ်သားတယောက်သေတာ ရွာသား ၂၀၀ ယောက်နဲ့ တန်တယ်တဲ့။ ကျနော်တို့ရွာမှာ အိမ်ခြေ ၁၂၀ ကျော်တယ်။ လူက ၄၀၀ ကျော်တယ်။ သူတို့ စစ်သားနှစ်ယောက် အတွက် ရွာသား ၄၀၀ လုံးလုံးသေရမယ်ဆိုတော့မဖြစ်ဘူးလေ။ ဒါ့ကြောင့် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တာ” အမည်မဖေါ်လိုသည့် ရိုက်နှက်ခံစစ်ဆေးခံရသူက ပြောသည်။
တပ်ခွဲမှူး ဗိုလ်ကြီး ဝင်းသူရထွန်းနှင့် တပ်ကြပ်တစ်ဦး သတ်ဖြတ်ခံရမှုကြောင့် တပ်ရင်းမှူးမှ နောင်မတာ ရွာ ဥက္ကဌ စိုင်းလှစိန်၊ အတွင်းရေးမှူး စိုင်းဆန်စိုး၊ စာရေး စိုင်းဆန်လူ နှင့် ဘုရားဒါယိကာ နှင့် ရပ်ဖ များဖြစ်သည့် ခိင်းဆွယ့်ခမ်း စံဆာ၊ ခိင်းဆိုင်ဟိန်း တို့အား ဂျူလိုင် ၂၉ ရက်နေ့က တစ်ညလုံး ၊ ဂျူလိုင် ၃၀ ရက် နံနက် ၆ နာရီမှ ညနေ ၄:၃၀ နာရီအထိ (မွန်းတည့်ချိန် ထမင်း ပြန်စား ခိုင်းရုံမှလွှဲ၍) မည်သည့်နေရာမှ မသွားစေပဲ တပ်စခန်း၌ စစ်ဆေး အကျယ်ချုပ်ထားခြင်း၊ ညနေ ၄:၃၀ နာရီမှစ၍ ညသန်း ခေါင်အထိ စစ်ဆေးမှုပြုရာမှာ ဗမာစကားမပြေလည်သည့် ဥက္ကဌ စိုင်းလှစိန်၊ စာရေး ဆိုင်းဆန်လူ နှင့် ဘာသာ ပြန်တစ်ဦး ရိုက်နှက်ထိုးကြိတ်ခံခဲ့ရသည်ဟု ရိုက်နှက်ခံရသူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဗမာစကားမတတ်ရင် ရိုက်နှက်ထိုးကြိတ်ခံရတယ်။ အမျိုးမျိုးမေးတယ်။ သတင်းဌာနတွေဆီကို ခင်ဗျားတို့ ဓါတ်ပုံပို့တယ်။ ဒါတွေအစ စစ်ဆေးမေးမြန်းတယ်။ မနေ့က ရိုက်နှက်မှုကြောင့် စာရေး စိုင်းဆန်လူက နံရိုးကျိုးပြီထင်တယ်။ အိပ်လို့တောင်မရဘူး။ မျက်စိပါးစပ် ယောင်ကိုင်းကုန်တယ်။ ၂၉ ရက်နေ့က စစ်ဆေးမှုက လုံးဝ နည်းလမ်းမကျဘူး။ တပ်ရင်းမှူးက အရက်ပုလင်းထောင်ပြီး အားလုံးကို ရိုက်နှက်စစ်ဆေးတယ်။ ကျည်ကပ်နဲ့ထုတယ်။ အားလုံး ရိုက်နှက်ခံရတယ်။ မနေ့ကတော့ စစ်ဆေးမှု က စာတတ်ရင်တမျိုး မတတ်ရင်တမျိုး စစ်တယ်။ အဲဒါကြောင့် ဗမာစကားမတတ်တဲ့နှစ်ယောက် ထိုးခံရတာ။ သူတို့နှစ်ယောက် အတွက် ဘာသာပြန်ပေးတဲ့သူလဲ ထိုးကြိတ်ခံရတယ်။ ဒီကိစ္စက မဟုတ်တော့ဘူး လေ။ ဒါ့ကြောင့် ရွာကနေ တိမ်းရှောင်ဖို့ အားလုံးက သဘောတူလိုက်တယ်” ဟုပြောသည်။
လက်ရှိအခြေအနေတွင် နောင်မတာ ရွာတခုလုံး ဒုက္ခိတ နှင့် လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်တို့ ၃ ယောက်သာ ကျန်တော့ကြောင်း ၎င်းက ပြောသည်။
နောင်မတာတွင်အခြေစိုက်ထားသည့်တပ်စခန်းမှ စစ်အင်အားနှင့်အတူ တခြားဒေသမှ လာသည့် စစ်အင်အား ၃၀၀ ခန့်သည် နောင်မတာရွာသို့ရောက်ရှိနေပြီး အဝင်အထွက်လမ်းနှင့် ရွာပတ်ဝန်းကျင်၊ တရုတ်နယ်စပ် တလျှောက်တို့တွင် လုံခြုံရေးယူထားကြကြောင်း အမည်မဖော်လိုသူက ပြောပြသည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းတွင် အစိုးရတပ်မတော်နှင့် ပလောင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲကြောင့် ဒေသခံ ၈၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ အခြေအနေတွင် ယခု အစိုးရ တပ်မတော်သား သတ်ခံရမှုကြောင့် လူထု အခက်အခဲ ထပ်မံကြုံတွေ့ လာခြင်းဖြစ်သည်။