သျှမ်းပြည် မြောက်ပိုင်း ၊နမ့်ခမ်းမြို့ ကောင်းနောင် မိုရပ်ကွက်ရှိ တိုင်းဧည့် ကြိုခန်းမ၌ တရုတ် အာဏာပိုင် များက မြန်မာနိုင်ငံသားများ အပေါ် ဖမ်းဆီးသည့် သတင်းစာ ရှင်းလင်းပွဲ ကို ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို ကျားဖြူပါတီ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းတင်ဦး က ဦးဆောင်ကျင်းပပြီး၊ ပြည်တွင်း သတင်းဌာန ၂၀ ထက်မနည်းတက်ရောက် သတင်းယူခဲ့ကြသည်ဟု ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းထွန်းလှ ကပြောသည်။
“ သတင်းစာရှင်းလင်းပွဲကို မနက် ၉:ဝဝ နာရီမှာ ကျင်းပဖို့စီစဉ်ထားတယ်၊ ဒါပေမဲ့ လာရောက် သတင်း ယူမယ့် သတင်းထောက်တွေက ညက မူစယ်မှာ ရောက်ရှိတည်းခိုကြတယ်။ မူစယ်-နမ့်ခမ်း ကားလမ်း ရေကြီးနေတာကြောင့် သတင်းထောက်တွေက စောစောမရောက် နိုင်ကြဘူးလေ။ ဒါကြောင့် သူတို့ ရောက် လာတဲ့ နေ့လည်ပိုင်း မှာ ကျင်းပနိုင်ခဲ့တယ် ” ဟု ၎င်းက ဆိုသည်။
သတင်းစာရှင်းလင်းပွဲတွင် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခံရမှုမှ ပြန်လည်လွှတ်မြောက်လာ သူ ၁၅ ဦး နှင့် အဖမ်းခံရနေဆဲ သူများ၏ မိသားစုဝင် ၃၀ ဦးခန့်ကိုပါ ဖိတ်ကြားခဲ့ကြောင်း အခမ်းအနားဖြစ် မြောက်ရေး ကူညီ ပေးသောလူငယ် စိုင်းအိုက် က ပြောသည်။
“ သတင်းစာရှင်းလင်းပွဲ အပြီး မှာတော့ ဒေသတွင်း ဖြစ်ပေါ်နေတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း နဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်း သတ်မှတ်ထားမှုအကြောင်းတွေကိုပါ မြို့နယ်အုပ်ချုပ်ရေးအထောက် အကူ ပြု အဖွဲ့ဝင် ဦးစိုင်းအောင်းဝင်း က သတင်းထောက်တွေ ရဲ့မေးမြန်းချက်တွေကို အကျယ်တဝင့် ဖြေကြားပေးတယ် ”ဟု စိုင်းအိုက်က သျှမ်းသံတော် ဆင့်အား ပြောပြ သည်။
၎င်းသတင်းစာရှင်းလင်းပွဲကို လာရောက်သတင်းယူသော သတင်းဌာနများမှာ Internews ၊ Mizzima ၊ DVB ၊7DAY၊ စောင့်ကြည့်ရေး သတင်းဂျာနယ် ၊ ရန်ကုန်တိုင်း(မ်)၊ RFA ၊ ပြည်ထောင်စုနေ့စဉ် ၊ မြစ်မခ ၊ ဒီမိုကရေစီ တူဒေး ၊ မော်ဒယ် ၊ မာနဂါး ၊ TMMG (ထွန့်မောဝ်မီဒီယာဂရုပ်) နှင့် အလွှတ်တန်း သတင်းထောက်များ ဖြစ်ကြကြောင်း သိရသည်။