တာချီလိတ်ခရိုင် ရွှေတူးဖေါ်ရေး စီမံကိန်းကြောင့် နစ်နာသူ ရွာသားများအား လျော်ကြေးပေးရန် သတ္တုဝန်ကြီး ညွန်ကြား

တာချီလိတ်ခရိုင် ရွှေတူးဖေါ်ရေး စီမံကိန်းကြောင့် နစ်နာသူ ရွာသားများအား လျော်ကြေးပေးရန် သတ္တုဝန်ကြီး ညွန်ကြား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် မြို့နယ် အတွင်းရှိ ရွှေတူးဖော်ရေး စီမံကိန်းကြောင့်  ထိခိုက် နစ်နာရသော ကျေးရွာသားများအား ထိုက်တန်သော လျော်ကြေးပေးရန်နှင့် လယ်ယာမြေ မြစ်ချောင်း အင်းအိုင်များပြန်လည် ပြုပြင် ပေးရန် ကုမ္ပဏီများအား သျှမ်းပြည်နယ် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး က ပြောဆို ညွှန်ကြား လိုက်သည်။

ဂျူလိုင်လ ၁၈ ရက်နေ့တွင် တောင်ကြီးရောက် သျှမ်းပြည်အရှေ့ပိုင်း နားဟိုင်းလုံ အုပ်စုမှ နစ်နာရသည့် တောင်သူလယ်သမားများက  သျှမ်းပြည်နယ်အစိုးရ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး စိုင်းအိုက်ပေါင်း နှင့်တွေ့ဆုံကာ ရွှေတူးဖော်ရေး စီမံကိန်း ကြောင့်  ရွာသားများထိခိုက်နစ်နာမှုများကို ရှင်းလင်းတင်ပြခဲ့ ကြသည်။

“ မိုင်းလင်းလယ်သမားတွေ ကျားဖြူပါတီဥက္ကဌ လဲဖြစ်၊ သစ်တော၊ သတ္တု ဝန်ကြီးလဲဖြစ်တဲ့ စိုင်းအိုက်ပေါင်း နဲ့ တွေ့ဆုံတယ်။  ဆိုင်ရာကုမ္ပဏီတွေကို ဝန်ကြီးက လယ်ယာတဧက ကျပ် ၆ သိန်းပေးလျော်ဖို့ ပြောလိုက်တယ်။ နောက်ပြီး အဆိပ်ရည် ဓါတုရည် တွေဝင်လို့ ပျက်စီးသွားတဲ့ လယ်ယာတွေ မြစ် ချောင်းတွေကိုလည်း အမြန်ဆုံးပြုပြင်ပေးဖို့ ပြောတယ်။ လည်ပတ်နေတဲ့လုပ်ငန်း ရပ်ဆိုင်း ထားဖို့ တောင် ပြောလိုက်တယ်။  အခုလို လူထုဘက်ရပ်တည်ပေးတဲ့ ဝန်ကြီးစိုင်းအိုက်ပေါင်းကို ကျေးဇူးတင်တယ်ဗျာ” - ဟု တွေ့ဆုံပွဲဝင် လယ်သမား လုံးစိုင်းက ပြောသည်။

တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲအရှေ့ဘက် မိုင်းလင်းအနောက်အုပ်စု နားဟိုင်းလုံရွာ လွယ်ခမ်း တောင်ကြောတွင် ကုမ္ပဏီပေါင်း ၁၀ ကျော်က ရွှေတူးဖော်လျှက်ရှိသဖြင့် ဒေသခံလူထု အများအပြားက အခက်အခဲပေါင်း မြောက်များ စွာရင်ဆိုင်နေခဲ့ရသည်။

အဆိုပါ နစ်နာမှုများအား သက်ဆိုင်ရာ အာဏာပိုင်များ နှင့်အစိုးရထံအကြိမ်ကြိမ် တင်ပြခဲ့သော်လည်း   ကုမ္ပဏီ ၁၀ ကျော် က စီမံကိန်းမရပ်တန့် သဖြင့်  ဒေသတွင်း လယ်သမား ၃၀ ခန့် သျှမ်းပြည် မြို့တော်တောင်ကြီးသို့ တက်ရောက်ကာ သတ္တုတွင်းဝန်ကြီးနှင့် တိုက်ရိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။