သျှမ်းပြည် တပ်မတော် SSPP နှင့် အစိုးရ တပ်တို့ ကျေးသီးမြို့နယ် အတွင်း ပစ်ခတ်မှု ဖြစ်ပွါး

သျှမ်းပြည် တပ်မတော် SSPP နှင့် အစိုးရ တပ်တို့ ကျေးသီးမြို့နယ် အတွင်း ပစ်ခတ်မှု ဖြစ်ပွါး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် SSPP/ SSA ၏ တာ့ဖါဆောင် တပ်စခန်းအား အစိုးရတပ်  အင်အား ၂၀၀ ကျော်က ယမန်နေ့  ဂျွန်လ ၂၆ ရက် မွန်းလွဲပိုင်း၌ တိုက်ခိုက် သောကြောင့် အစိုးရတပ် စခန်းအချို့  တန်ပြန် တိုက်ခိုက်ခြင်း ခံခဲ့ ရသည်။

 အရှေ့အလယ်ပိုင်းတိုင်း ရလခလက်အောက်ခံ နမ့်စန်အခြေစိုက် ခလရ ၂၄၇ မှ ဗိုလ်မှူးမျိုးမြင့် ဦးဆောင်သည့် စစ်ကြောင်းက ကျေးသီးမြို့နယ် ဝမ့်ဖါဆောင်ရွာအတွင်းမှ ဖါဆောင်တံတားဦး အခြေ စိုက် သျှမ်းပြည်တပ်မတော်စခန်းအား လက်နက်ကြီးလက်နက်ငယ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားစဉ် သျှမ်းပြည်တပ်မတော်ဘက်မှလည်း ကျေးသီးမြို့နယ် ဝမ့်ကတ်ရွာအနီးရှိ အစိုးရ တပ်မတော် ၏ ယာယီတပ်စခန်းအား တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်မှ ညနေ ၆ နာရီထိုးခါနီးအထိ နှစ်ဘက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ်ရုံး အရာရှိ ဗိုလ်မှူးစိုင်းတိုင်း ကပြောသည်။

map-ssa

“ဗမာတပ်က လူထုကို အကာပြုပြီးတော့ ရွာထဲကနေ ကျနော်တို့တပ်ကို တိုက်တယ်။ ကျနော်တို့က ပြန်ပစ်လို့မရဘူးလေ။ ဒါကြောင့် အင်အားဖြည့်မယ့် သူတို့ရဲ့ နောက်တန်းစစ်ကြောင်း ဝမ့်ကတ်စခန်းကို တန်ပြန်တိုက်ခိုက်တယ်။ သူတို့ဘက်အင်အားတွေ ထပ်ဖြည့်တယ်လို့ သတင်းရတယ်။ သေနတ်သံက တချက်တချက် ကြားနေရသေးတယ်” - ဟု ရှေ့တန်းရောက်တပ်မှူး တဦးက ပြောသည်။

ကျေးသီးမြို့နယ် နောင်ကား၊ ပန်စယ်၊ လွယ်ယွဲ နင့် နမ့်ပုတ်  ကျေးရွာတကျောတွင် သျှမ်းပြည်တပ် မတော်နှင့် အစိုးရတပ်တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများယနေ့တိုင် ဆက်တိုက်ဖြစ်ပွားခဲ့သည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ တပ်မတော်၏ ဝမ့်ကတ် (ယာယီ) တပ်စခန်းအား သျှမ်းပြည်တပ်မတော်ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟုဆိုသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် သဘောတူညီချက်များ မလိုက်နာခြင်း၊  လူအင်အားဖြည့်ခြင်း၊ လက်နက်အင်အားဝယ်ယူစုဆောင်းခြင်း၊ တပ်စခန်းများတိုးချခြင်းများ ပြုလုပ် နေကြောင်း နေပြည်တော် အစိုးရထံ မြန်မာတပ်မတော်က စာတိုင်ထားကြောင်း၊ ထို့အတွက် ၎င်းတို့အား တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစိုးရတပ်မှူးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ တာ့ဖါဆောင်တံတားသည် ဒေသတွင်းလူထုအသုံးပြု ရန် သျှမ်းပြည်တပ်မတော် SSPP/SSA မှ တည်ဆောက်ပေးထားသည်။ အစိုးရ၏ပြည်သူ့စစ်အသွင်ပြောင်း ရေးအစီအစဉ်ကို သျှမ်းပြည်တပ်မတော်မှ လက်ခံသောကြောင့် အစိုးရတပ်က ထိုးစစ် ဆင်တိုက်ခိုက် ရာမှာ ၂၀၁၁ ခု က အမှတ် ၂ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၂ နှင့် ခလရ ၂၈၆ ပူးပေါင်းစစ်ကြောင်းက အဆိုပါတံတားအား မီးရှို့ဖျက်ဆီးခဲ့သည်။ ၂၀၁၂ ခု နေပြည်တော် အစိုးရ နှင့် သျှမ်းပြည် တပ်တော် SSPP/SSA တို့ အပစ်ရပ်ပြီးနောက်ပိုင်း မီးရှို့ဖျက်ဆီးခံရသည့် တာ့ဖါဆောင် တံတားအား ဒေသခံများအတွက် သျှမ်းပြည်တပ်မတော်ဘက်မှ ပြန်လည်တည်ဆောက်ပေးခဲ့သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရတို့သည် ၂၀၁၂ ခု နှစ်ဦးပိုင်းမှ စ၍ ငြိမ်းချမ်း ရေးပြန်လည်တည်ဆောက်လာခဲ့သော်လည်း တိုက်ပွဲအကြိမ်ပေါင်း ရာဂဏန်းဖြစ်ပွားခဲ့သည်။ ယခု ၂၀၁၄ ခုနှစ်အတွင်း တိုက်ပွဲပေါင်း၂၈ ကြိမ် - အစိုးရတပ်မတော်ဘက်သေဆုံးသူ ၁၂၁ ယောက်၊ ဒဏ်ရာရရှိသူ ၉၂ ယောက် ရှိသည်ဟုသိရကြောင်း ဌာနချုပ်ရုံးအရာ ဗိုလ်မှူးစိုင်းတိုင်းက ပြောသည်။

ထို့အတူ သျှမ်းပြည်တပ်မတော်ဘက်တွင်လည်း သေဆုံးဒဏ်ရာရှိသူ ဖမ်းဆီးထိန်းသိမ်းခံရသူစုစုပေါင်း ၁၀ ဦးထက်မနည်း၊ တပ်စခန်းလည်း ၂ ခုထက်မနည်းဆုတ်ပေးရသည်ဟု အမည်မဖေါ်လိုသည့် အရာရှိက တဦးကပြောသည်။