ပတ္တမြား တောင်မှ SSPP/SSA တပ်စခန်း ဆုတ်ပေးရ

ပတ္တမြား တောင်မှ SSPP/SSA တပ်စခန်း ဆုတ်ပေးရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း မိုင်းရှူး မြို့နယ် ပတ္တမြားမှော် (လွယ်ဆိုင်) တောင်ပေါ် ရှိ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စ ခန်းအား အ စိုးရ တပ်မတော်မှ လက်နက် ကြီးများ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်သော ကြောင့် အဆိုပါ စခန်း ဆုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ပြောရေး ဆိုခွင့် ဒုဗိုလ်မှူးကြီး စိုင်းလ အတည်ပြုပြောဆိုသည်။

လွယ်ဆောင်ထောက် (ဘိုးဘွားတောင်) တောင်ကြောပေါ်ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ လွယ် ဆိုင်တပ်စခန်းအား အစိုးရတပ်မတော်က ဂျွန်လ ၁၁ ရက်နေ့မှစ၍ လက်နက်ကြီးများဖြင့် နှစ်ရက် ကျော်ကြာ မရပ်မနား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဒေသခံများလည်း စစ်ဘေးစစ်ဒဏ် အလူးအလဲ ခံခဲ့ ရကြောင်း၊ ထို့အတွက် ဌာနချုပ်မှညွှန်ကြားချက်အရ တပ်ဆုတ်ပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း ရှေ့တန်းမှ တပ်မှုးတဦးက ပြောပါသည်။

SSPP/SSA တပ်စခန်းတခု

“ဒဏ်ရာရ ဗမာစစ်သားတွေကို မိုင်းရှူးဘက်ပို့ပေးဖို့ရွာသားတွေ  ချောဆွဲခံရတယ်။ ဒေသခံတွေ က အစိုးရစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခြင်းမပြုဖို့ ဖုန်းဆက်အကူအညီတောင်းတယ်။ အစိုးရ စစ်ကြောင်း ကို ပစ်ရင် ရွာသားတွေပါ ကြားထဲက အလကားသေရမှာတဲ့၊ ထပ်ခါထပ်ခါအကူအညီတောင်း လာတယ်” - ဟု အဆိုပါ တပ်မှူးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းလ က - “အခုဆုတ်ပေးလိုက်တဲ့စခန်းက မိုးတွင်း ခိုနားတဲ့ ယာယီအခြေချ တပ်စခန်းပဲ။ တကယ့်တပ်စခန်းအကြီးမဟုတ်ဘူး” - ဟုဆိုသည်။

မိုင်းရှူးမြို့ အစိုးရတပ်အရာရှိအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦးကလည်း သျှမ်းပြည်တပ်မတော် နယ်ကျွံ တပ် စခန်းချသောကြောင့် အင်အားသုံးတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ‘တပ်စခန်းမဖယ်ပေးလျှင် လက်နက် ကြီးပစ်ခတ်မှု ရပ်နားမည်မဟုတ်’ ဟု ရာဇသံ ပေးလိုက်မှသာ သျှမ်းပြည်တပ်မတော်ဘက်မှ တပ်ဆုတ် ပေးလိုက်ရခြင်းဖြစ် ကြောင်းပြောသည်။
 
အစိုးရတပ်မတော်စစ်ကြောင်းသည် မိုင်းရှူးမြို့နယ်အတွင်း မူလလှုပ်ရှားသည့် ခလရ ၁၄၉၊ ၁၅၀၊ ၁၅၁ တပ်ရင်းများမှ စစ်ကြောင်းများအပြင် တန့်ယန်းမြို့နယ်ဘက်မှ စစ်အင်အားအပြည့်တင်ဆောင်သည့် စစ်ကားကြီး ၆ စီး၊ ကွန်ဟိန်းမြို့နယ်ဘက်မှ ကာလိ ၊ မိုင်းစံ သို့ရောက်လာသည့် စစ်ကားကြီး ၁၅ စီး စစ်အင်အား ၂၀၀ ကျော် ကလည်း မိုင်းစံမြို့၌ဆင်းကာ ခြေလျင်ခရီးဖြင့် မိုင်းရှူးနယ်အတွင်းသို့ ထပ်မံ အင်အားဖြည့် လှုပ်ရှားနေသည်ဟု သျှမ်းပြည်တပ်မတော် တပ်မှူးတဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောင်ထားသည့် တပ်ဖွဲ့ဖြစ်သည်။