ငြိမ်းချမ်းသော နည်းဖြင့် ကြိုးပမ်း၍ မရလျင် လက်နက်ကိုင် တိုက်ပွဲ ဝင်ရမည်ဟု RCSS ပြော

ငြိမ်းချမ်းသော နည်းဖြင့် ကြိုးပမ်း၍ မရလျင် လက်နက်ကိုင် တိုက်ပွဲ ဝင်ရမည်ဟု RCSS ပြော
by -
သျှမ်းသံတော်ဆင့်

နိုင်ငံရေးအတွက် ငြိမ်းချမ်းသောလမ်းစဉ်ဖြင့် ကြိုးပမ်း၍ မရပါက  လက်နက်ကိုင် တိုက်ပွဲ ဝင်သည့် နည်းကိုသာ ပြန်သုံးရမည် ဖြစ်ကြောင်း မေလ ၂၁ ရက် သျှမ်း ပြည် အမျိုးသား တော်လှန် ရေးနေ့တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ် မတော်က ကြေငြာချက် တစောင် ထုတ်ပြန် လိုက်ပါသည်။

မေလ ၂၁  ရက်နေ့ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါကြေငြာချက်တွင် - သျှမ်း တော်လှန်ရေးသမိုင်း၊ လက်ရှိအစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ရှေ့ဆက် တွင်လည်း ငြိမ်းချမ်းသောနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာဖြေရှင်းသွားမည် အစရှိအချက်များ ပါဝင်ပါသည်။

 ssa

“ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး မြန်မာ့တပ်မတော်နဲ့ထိပ်တိုက်မှုမဖြစ်အောင် ရှောင်ပါတယ်။ ဒါပေ မယ့် ကျနော်တို့ရဲ့ ကျိုင်းတုံမှာရှိတဲ့ရုံးကို ကြိုတင်အသိပေး ခွင့်တောင်းခြင်းမပြုဘဲနဲ့ စစ်ချင်တဲ့ အချိန် ဝင်စစ်တယ်။ ဒါ တမင်သက်သက် ကျနော်တို့ကို ပြဿနာရှာတာဘဲလေ။ ရှေ့ဆက်မှာလည်း အခုလို ကိစ္စမျိုးထပ်ဖြစ်နေဦး မယ်ဆိုရင်တော့  ငြိမ်းချမ်းရေးတည်ဆောက် နေမှုကိုထိပါး လာနိုင် တယ်လို့မြင် ပါတယ်။ ဒါကြောင့် ကျနော်တို့လိုချင်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ကို ငြိမ်းချမ်းသော နည်းလမ်းနဲ့ ကြိုးစားလို့မရရင်တော့ အမျိုးသားလွတ် မြောက်ရေး အတွက် နောက်ဆုံးလက်နက်ကိုင်လမ်းစဉ်ကို ဘဲပြန်သုံးရတော့မှာ”  ဟု RCSS/SSA ၏ထုတ်ပြန်ကြေငြာချက်ကိုကိုးကားပြီး မေလ ၂၁ ရက်တော်လှန် ရေးနေ့အခမ်းအနား တက်ရောက် ခဲ့သည့် အရာရှိကြီးတဦးကပြောပါသည်။

နိုင်ငံတော်အစိုးရ၏ ဖိတ်ခေါ်ကမ်းလှမ်းမှုကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် ၂၀၁၁ နှောင်းပိုင်းက အစိုးရနှင့် အပစ်ရပ်ရေးသဘောတူလက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စု အဆင့်ငြိမ်းချမ်း ရေးတည်ဆောက်ထားပါသည်။

ထိုနောက်ပိုင်း သျှမ်းပြည်အတွင်း ဆက်ဆံရေးရုံး ရ နေရာဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။

Most read this week