အမျိုးသမီးနှင့် ငြိမ်းချမ်းရေး အလုပ်ရုံ ဆွေးနွေးပွဲ မြို့တော် တောင်ကြီးတွင် ကျင်းပ

အမျိုးသမီးနှင့် ငြိမ်းချမ်းရေး အလုပ်ရုံ ဆွေးနွေးပွဲ မြို့တော် တောင်ကြီးတွင် ကျင်းပ
by -
သျှမ်းသံတော်ဆင့်

တောင်ကြီးမြို့  စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံ ခန်းမတွင် မျိုးဆက်သစ် (သျှမ်းပြည်) BCN (Burma Campaign Nederland ) နှင့် အလင်းသစ် အဖွဲ့မှ ပူးပေါင်း၍ အမျိုး သမီးနှင့် ငြိမ်းချမ်းရေး အလုပ်ရုံ ဆွေးနွေး ပွဲကိုမေ ၁၈ နှင့် ၁၉ရက် တို့တွင်  ကျင်းပ ပြုလုပ် ခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ သျှမ်းပြည်၊ တောင်ပိုင်း၊ မြောက်ပိုင်း နှင့် အရှေ့ပိုင်းဒေသတို့ရှိ အမျိုးသမီးအဖွဲ့အစည်း ၊ လူမှုအဖွဲ့ အစည်းနှင့် စာပေယဉ်ကျေးမှု အသင်းအဖွဲ့   ၆၂ ဖွဲ့ မှ အမျိုးသမီးဦးရေ ၁၄၀ ခန့်တက်ရောက်ခဲ့ ပါသည်။

အမျိုးသမီးနှင့်ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

 စစ်မက်ဖြစ်ပွားရာဒေသတွင်းရှိ တိုင်းရင်သူအမျိုးသမီးများ၏လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု ၊ မူးယစ်ဆေးဝါး ပြသနာ မြေယာသိမ်းဆည်းခြင်းပြသနာ စသည်တို့တွင်အမျိုးသမီးများ၏ ထိခိုက်နှစ်နာမှု ၊ တရားဥပဒေအရ အကာအကွယ် ပေးခြင်း နှောင့်နှေးနည်းပါးမှု စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရရှိရပါသည်။

“စစ်ဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေတဲ့ အမျိုးသမီး တွေရဲ့ အတွေ့အကြုံ ခံစားနေရတဲ့ ဒုက္ခတွေ ၊ စစ်မဖြစ်တဲ့ ဒေသတွေမှာ ရှိတဲ့ အမျိုးသမီးတွေ ကလည်း တရား ဥပဒေစိုး မိုးမှုမရှိတဲ့ အတွက် နစ်နာမှုတွေ များစွာကြံု တွေ့နေရတယ်။  လက်ရှိ ဖြစ်ပေါ်နေတဲ့  အမျိုးသမီးတွေအတွက် မငြိမ်းချမ်းသေးတဲ့ အကြောင်း တွေကို ဆွေးနွေအဖြေရှာ ဖြစ်ကြပါတယ်။” -ဟု ဆွေးနွေးပွဲသို့ တက်ရောက်သူ အမျိုးသမီး တစ်ဦးမှ ဖြေကြားခဲ့ပါသည်။

အမျိုးသမီးနှင့်ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

တရားလွတ်တော်ရှေ့နေဆရာ ဦးမြင့်သွင် မှလည်း အမျိုးသမီးများသိသင့်သိထိုက်သော အမျိုးသမီးများ၏ ဥပဒေပုဒ်မ များနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ နိုင်ငံသားများ ကာကွယ်စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ များအား အသေးစိတ် ရှင်းလင်း ပြောကြားသွား ခဲ့ကြောင်း သိရပါသည်။

အမျိုးသမီးနှင့်ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

အမျိုးသမီးနှင့် ငြိမ်းချမ်းရေးနှစ်ရက်တာဆွေးနွေး ပွဲမှ အချက် ၆ ချက်ပါသည့် ကြေငြာချက် တစောင်ကိုလည်း ထုတ်ပြန် ခဲ့ပါသည်။

၄င်းတို့မှာ ခိုင်မာတိကျသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အလျင်မြန်ဆုံး အကောင်ထည်ဖော်ဆောင် ရွက်ရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်သည့် အဆင့်တိုင်းတွင် အမျိုးသမီးများအား ပါဝင်ဆောင်ရွက်ခွင့်နှင့် ဆုံးဖြတ်ခွင့်ပြုရန်၊ စစ်ပွဲများအတွင်း သားကောင်သဖွယ်ဖြစ်နေရသော အမျိုးသမီးများနှင့် ကလေးငယ်များအား လုံခြံုမှုနှင့်စောင့် ရှောက်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်၊ အမျိုးသမီးများ၏ ဘဝလုံခြံုရေးဆိုင် ရာ ထိခိုက်စေသော မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူကုန်ကူးခြင်းနှင့် အိမ်တွင်းအကြမ်း မှုများကို ဥပဒေအရ ထိရောက်စွာ အကာအကွယ်ပေးရန်နှင့် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းပေးရန်ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာအမျိုးသမီးများ အခွင့်အရေး CEDAW  သဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန်။တိုင်းရင်းသားဒေသများတွင် ကြီးထွားလာနေသော မူးယစ်ဆေးဝါးပြဿနာများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်တို့ဖြစ်သည်။