သျှမ်းလယ်ယာ စိုက်ပျိုးမှု အသင်း လာမည့် သျှမ်းနှစ်သစ်ကူးကာလတွင် ကော်မတီ ပြန်ဖွဲ့မည်

သျှမ်းလယ်ယာ စိုက်ပျိုးမှု အသင်း လာမည့် သျှမ်းနှစ်သစ်ကူးကာလတွင် ကော်မတီ ပြန်ဖွဲ့မည်
by -
သျှမ်းသံတော်ဆင့်

ဧပြီလနှောင်းပိုင်းက သျှမ်းပြည် တောင်ပိုင်း လင်းခေး မြို့တွင် ၃ ရက်တာ ကျင်းပသော သျှမ်းလယ်ယာ စိုက်ပျိုးမှု အသင်းမှ မြို့နယ် အသီးသီးမှ လယ်သမား များနှင့် တွေ့ဆုံ ဆွေးနွေး ပွဲတွင် နတ်တော်လ (သျှမ်းနှစ် သစ်ကူး ကာလ) တွင် ကော်မတီ အသစ်ဖွဲ့ရန် ဆုံးဖြတ် ခဲ့ကြကြောင်း ကော်မတီ အကြီးအကဲ ကပြောသည်။

“ ဒီပြီးခဲ့တဲ့နှီးနှောဖလှယ်ပွဲက ကျနော်တို့ သျှမ်းပြည်တွင်းကလယ်သမားတွေနဲ့ တွေ့ဆုံမိတ် ဆက်ခြင်း ဘဲဖြစ်ပါ တယ်။ ကော်မတီပြန်ဖွဲ့ဖို့က လာမယ့် သျှမ်းနှစ်သစ်ကူးကာလလောက်မှ ဖြစ်ပါမယ်။ အမြို့မြို့ အနယ်နယ်က သျှမ်းစာပေယဉ်ကျေးမှုကော်မတီတွေနဲ့ဆက်သွယ်ပူးပေါင်းပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ” ဟု သျှမ်းလယ် ယာစိုက်ပျိုးမှုအသင်း SADG ဥက္ကဌ စိုင်းဆေဟန် က သျှမ်းသံတော်ဆင့် အားပြောပြသည်။

Hso Harn)

အစည်းအဝေးအား ဧပြီလ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ လင်းခေးမြို့နယ် ကျောင်းတော ဘုန်းကြီး ကျောင်းတွင် ပြုလုပ်ခဲ့ရာ သျှမ်းပြည်တွင်းမြို့နယ် ၁၃ ခုမှ လယ်သမားကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြ သည်ဟုဆိုပါသည်။

“ အစက သိပ်ပြီးအားရမှုမရှိဘူး။ ဒါပေမယ့်လက်တွေ့မှာတော့ တော်တော်လေး အားရ ကျေနပ်မှု ရှိခဲ့ပါ တယ်။ တက်ရောက်လာတဲ့  ၁၃ မြို့နယ်က လယ်သမား ကိုယ်စားလှယ်တွေရော ဒေသတွင်းလူထု ကပါ စိတ်ဝင်တစား လာပြီးလေ့လာကြတယ်နားထောင်ကြတယ်။ ကျနော်တို့ မြို့နယ်ထဲမှာ ရာသီဥတု နဲ့ သဘာဝဘေးဖျက်ဆီးမှုကြောင့် လယ်ယာစိုက်ပျိုးဖို့ စိတ်ဓါတ်ကျနေတဲ့တောင်သူ ဦးကြီးတွေတောင်မှ  ကျနော်တို့ လုပ်တဲ့ သဘာဝ မြေဩဇာတွေ သီးနှံစိုက်ပျိုး ပြုစုနည်းတွေတွေ့ပြီးတော့မှဘဲ  စိတ်ဓါတ်တွေပြန် တက်လာကြ တယ် လို့ပြောတယ်။ ကျနော်တို့ကြိုးစားမှု အရာထင် ပြီး ပင်ပမ်းရကျိုးနပ်တယ်လို့ ခံစားရမိပါတယ်”  ဟုဆိုပါသည်။

ပြီးခဲ့သည့် လယ်သမား နှီးနှောဖလှယ်ပွဲတွင် စိုက်ပျိုးရေးနှင့်ပတ်သက်သောနည်းပညာများ၊ ခြံထွက်သီး နှံ များဖြင့် သဘာဝ အီးအမ် ၊ သဘာဝ ဓါတ်မြေဩဇာပြုလုပ်နည်းများ လက်တွေ့ပြုလုပ်ပြခြင်း တို့ရှိခဲ့ ကြောင်း သိရပါသည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (အစိုးရ၊ လူထု၊ လူငယ်) များနှင့်ပါ ချိတ်ဆက် လက်တွဲလုပ်ဆောင်သွားဖို့ရှိကြောင်းလည်း စိုင်းဆေဟန်ကပြောဆိုပါသည်။

နှီးနှောဖလှယ်ပွဲတက်ရောက်သည့် ၁၃ မြို့နယ်မှာ သျှမ်းပြည်အလယ်ပိုင်း တောင်ပိုင်းမှ ကိုယ်စားလှယ်များ အပြင် သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်ရှိ မူစယ်၊ နမ့်ခမ်း၊ စယ်လန့်မှ လယ်သမားကိုယ်စားလှယ်များ၊  သျှမ်းပြည် အရှေ့ပိုင်း ထိုင်းနယ်စပ် မိုင်းပန် မိုင်းတုံ ပုံပါကျင် မိုင်းဆတ်ဘက်မှ ကိုယ်စားလှယ်များပါ တက်ရောက်ကြောင်း၊ ဒေသတွင်းလူထုအင်အားနှင့်အတူ ခရိုင်စိုက်ပျိုးရေးမှူးကပါ တက်ရောက်ဆွေးနွေးခဲ့ကြောင်း စိုင်းဆေဟန် ကပြောသည်။

သျှမ်းလယ်ယာစိုက်ပျိုးမှုအသင်း SADG ကို ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကိုယ်ထူကိုယ် စတင် တည်ထောင်ခဲ့ကြောင်း၊ ထိုနောက်ပိုင်း သျှမ်းပြည်တွင်း၌သာ အသင်း အခြေစိုက်လိုသဖြင့် လင်းခေးမြို့တွင် ထပ်မံဖွဲ့စည်းထားကြောင်း၊ လာမည့် နတ်တော်လ ကော်မတီဝင်အသစ်များ ထပ်မံရွေးချယ်နိုင်ခဲ့ပါက ထိုင်းနိုင်ငံမှ အသင်းအားဖျက်၍ ပြည်တွင်းအဖွဲ့တဖွဲ့သာ ထားမည်ဖြစ် ကြောင်း၊ ထိုနောက်ပိုင်း အသင်းကို တရားဝင်မှတ်ပုံတင်ကာ လှုပ်ရှားမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမည်ဖြစ်ကြောင်း ဉက္ကဌ စိုင်းဆေဟန် က အကျယ်တဝင့် ရှင်းလင်းပြောပြခဲ့သည်။

မြို့နယ်အသီးသီးမှ တောင်သူလယ်သမားများအားလည်း သဘာဝဓါတ်မြေဩဇာနှင့်ပတ်သက်၍ ဆွေးနွေး လိုပါက လင်းခေးမြို့ သျှမ်းလယ်ယာစိုက်ပျိုးမှုအသင်းကို ဆက်သွယ်နိုင်ကြောင်းလည်း ပြောဆိုခဲ့ပါသည်။