ပါတီ ပေါင်းစည်းရေး အတွက် ထိပ်ပိုင်း ခေါင်းဆောင် ၅ ဦး တွေ့ဆုံရေး အဆင်သင့်ဖြစ် ခွန်ထွန်းဦး ပြော

ပါတီ ပေါင်းစည်းရေး အတွက် ထိပ်ပိုင်း ခေါင်းဆောင် ၅ ဦး တွေ့ဆုံရေး အဆင်သင့်ဖြစ် ခွန်ထွန်းဦး ပြော
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ SSJAC နှင့် မြို့နယ် နှစ်ဆယ်ကျော်က သျှမ်းလူထု ၅၀၀ ကျော်တို့ SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း၌ တွေ့ဆုံစဉ် ပါတီ ပေါင်းစည်းရေး အတွက် လူထုမှ အကြံပြု တောင်းဆိုရာ ခွန်ထွန်းဦးက တွေ့ဆုံ ဆွေးနွေးရေး အတွက်  အမြဲ အဆင်သင့် ဖြစ်သည်ဟု ပြောဆိုလိုက်ပါသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းဌာနချုပ်၌ ကျင်းပသော သျှမ်းပြည်တပ်မတော် SSPP/ SSA ရွှေရတုအခမ်းအနား တတိယမြောက်နေ့ ( ဧပြီ ၂၅ ရက်၂၀၁၄ ခု နံနက် ၉.၀၀ - ၁၂.၀၀ နာရီ) တွင် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC က ကြေငြာချက်တစောင် ထုတ်ပြန်ပြီး ကော်မတီ၏ သ ဘောထား၊ လူထုသဘောထားများအား မေးမြန်း ဖလှယ်ဆွေးနွေးကြသည်။

SSJAC နှင့် လူထု တွေ့ဆုံစဉ်

“ပါတီပေါင်းစည်းဖို့ လူထုဆန္ဒသဘောထား ရှိတယ်ဆိုရင် ဖြစ်ကိုဖြစ်လာရမယ်။ မိဘပြည်သူ ပြောတဲ့ ပါတီရဲ့ အာဏာရှိထိပ်သီးပုဂ္ဂိုလ် ၅ ဦးစီ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ကိစ္စ ကျနော်တို့ လက်ခံတယ်။ သျှမ်းပြည်ထဲမှာသာ တွေ့ဆုံမယ်ဆိုရင် အမြဲတမ်းအဆင်သင့်ပဲ ” - ဟု ခွန်ထွန်းဦး ကပြောသည်။

လားရှိုးမြို့နယ်ကျားဖြူပါတီဝင်တဦးက - “ သျှမ်းပါတီနှစ်ခု ပေါင်းဖို့  နှစ်ဘက်စလုံးရဲ့ ဆုံးဖြတ်ပိုင်ခွင့် ရှိသူ ထိပ်သီး ၅ ဦး မှာပဲမူတည်တယ်။ ကျန်တာ ဆုံးဖြတ်ခွင့်အာဏာ မရှိဘူး” - ဟု ပြောသည်။

ဧပြီ ၂၄ ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်ဂျေအေစီ ၏ ထုတ်ပြန်ကြေငြာချက်တွင် သျှမ်းပြည်တပ်မတော် ရွှေရတုမွေးနေ့ အား ဝမ်းမြောက်ကြိုဆိုသောအားဖြင့် - (၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အစား စစ်မှန်သော ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အစားထိုးနိုင်ရေး၊ (၂)သျှမ်းပြည်အမျိုး သားများသွေးစည်းညီညွတ်ရေး၊ (၃)ပြည်ထောင်စုကြီးထာဝရ ငြိမ်းချမ်းရေးရရှိနိုင်ရေး နှင့် (၄)နိုင်ငံရေး အကျဉ်းသားများအားလုံးလွတ်မြောက်ရေး တို့ဖြစ်သည်။

သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Shan State Joint Action Committee အား ၁၉၉၆ ဂျွန် ၆ ရက် နေ့၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ သျှမ်းပြည်အမျိုးသားတပ်မတော် ပါဝင်သည့် သျှမ်းပြည် ငြိမ်း ချမ်းရေးကော်မတီတို့ စုပေါင်းဖွဲ့စည်းထားပါသည်။