သျှမ်းပြည် မြောက်ပိုင်း တန့်ယန်း မြို့နယ် ကျေးလက်ရွာသား တဦးအား အစိုးရတပ် ခမရ ၅၁၅ က ဖမ်းဆီး ရိုက်နှက်ကာ ဆိုင်ကယ်နှင့်ကိုယ်ပါ ပစ္စည်းများ အားလုံး ဓါးပြ တိုက်ယူ ဆောင်သွား သည်ဟု သျှမ်းလူ့ အခွင့် အရေး ဖေါင်ဒေးရှင်းက ကြေငြာချက် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်မတ်ခ်ျလ ၂၃ ရက်က စိုင်းဆန် (အသက် ၄၇ နှစ်)သည် ၄င်းနေထိုင်ရာ တန့်ယန်းမြို့နယ် မိုင်းကောဝ် အုပ်စု မှ မိုင်းရှုးမြို့နယ် မိုင်းအောတ်ကျေးရွာ အုပ်စုသို့ သားရှင်ပြု အလှူဖိတ်စာသွားပို့ပြီး အပြန်လမ်း၌ ရိုက်နှက်လုယက်ခံရခြင်းဖြစ်သည်။
“မိုင်းအောတ်ကို အသွားတုန်းက လမ်းကင်းစောင့်စစ်သားတွေက ကွမ်းယာမှာတယ်။ ဝယ်လာပေး တာဘဲ။ ဘာလို့ ထပ်စောင့်ရိုက် စရာလိုလဲ။ စောင့်ရိုက်တာက စစ်သားနှစ်ယောက်၊ တယောက်က တုတ်နဲ့ ရိုက်တယ်။ တယောက် က ဓါးနဲ့ ထိုးတယ်။ သေလုမျောပါးဘဲ။ ပိုက်ဆံ ၅ သောင်းနဲ့ ဆိုင်ကယ်လဲ ယူ သွားတယ်” - မိသားစုဝင် တဦးကပြောသည်။
ရိုက်နှက်ခံရသည့် စိုင်းဆန်အား လားရှိုးသို့ ပို့ဆောင်ကုသရာ စိုးရိမ်ဖွယ်ရှိသည်ဟုဆိုကာ မန်းတလေးသို့ထပ်မံ ပို့ဆောင်ကုသရကြောင်းလည်း မိသားစုဝင်က ဆက်လက်ပြောပြသည်။
“တော်သေးတာပေါ့ မသေတာကံကောင်းတယ်။ စကားလဲ ကောင်းကောင်းမပြောနိုင်သေးဘူး။မန္တလေး ကနေ ဆေးရုံဆင်းလာတာ အိမ်ပြန်ရောက်တာ သုံးလေးရက်လောက်ပဲရှိသေးတယ်” - ဟု မိသားစုဝင် တဦးက ပြောသည်။
ရိုက်နှက်ထားသော ဒဏ်ရာကြောင့် စိုင်းဆန်တွင် သွားများကျိုး၊ ကျွတ်ထွက်ကြောင်း၊ အစာမဝါး မစားနိုင် ကြောင်း၊ စကားလည်းကောင်းကောင်းမပြောနိုင်သေးကြောင်း၊ စိုးရိမ်ရသည်မှာ အတွင်းကြေ ဒဏ်ရာရရှိနေ ခြင်းဖြစ် ကြောင်း မိသားစုဝင်ကဆိုပါသည်။
“မြန်မာစစ်တပ်က သျှမ်းလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေတုန်းဘဲ။ ဒီလုပ်ရပ်ဟာ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးခရီးနှောင့်နှေးမှုတွေ ဖြစ်စေ မှာမလွှဲဘူး။ ရွာသားတွေကို ဖမ်းဆီးရိုက်နှက်တယ်။ ပစ္စည်းဥစ္စာတွေ ကို အဓမ္မလုယူတယ်။ ဒီလိုလုပ်မျိုး ဒီခေတ်မှာ မရှိသင့်တော့ဘူး။ ရပ်တန်းကရပ်ဖို့ တောင်းဆို လိုတယ်” ဟု သျှမ်းလူ့အခွင့်အရေး ဖေါင်ဒေးရှင်းက အရာရှိ နန်းခေါန်လိတ် က ပြောသည်။
၂၀၀၉ က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မြန်မာ စစ်အစိုးရက ဖိအားပေးစဉ် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က လက်မခံသောကြောင့် ပိုမိုဖိအားပေး သည့်အနေဖြင့် ထိုဒေသဘက် မြန်မာအစိုးရတပ်များ ရောက်ရှိအခြေချကာ SSPP/SSA အပေါ် ထိုးစစ်ဆင် လာသည့်အချိန်မှ စ၍ ယနေ့တိုင် မြန်မာအစိုးရတပ်များ လှုပ်ရှားနေခြင်းဖြစ်သည်ဟု သျှမ်းလူ့အခွင့်ရေး ဖေါင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။