တောင်ကြီးမြို့၊ မြို့မစျေးကြီး ၊ ဒုတိယထပ် ဆိုင်အမှတ်(E)/42 ငြိမ်းရွက်လှေ ပန်းကန် ဆိုင်မှ အသက်(၅၂) အရွယ် ဆိုင်ပိုင်ရှင် ဒေါ်စိန်စိန်အား လက်သည်မပေါ် ဓါးထိုးသတ်မှုတခုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ဧပြီလ (၅) ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့် စျေးပိတ်ချိန်တွင် အသတ်ခံရ ခြင်းဖြစ်ပြီး အိမ်ပြန်ချိန်တွင် အိမ်ပြန်မရောက်သဖြင့် အသတ်ခံရသူဒေါ်စိန်စိန်၏ အမဖြစ်သူက စျေးစောင့် ၊စည်ပင်ဝန်ထမ်း တို့နှင့်အတူ စျေးဆိုင်ခန်းသို့လိုက်ကြည့်ရာ ဓါးထိုးမှုဒဏ်ရာတို့ဖြင့် ဆိုင်ခန်းအတွင်းသေဆုံးနေသည်ကိုတွေ့ရကြောင်း ၄င်းတို့နှင့်နီးစပ်သူများကပြောသည်။
‘ရန်ငြိုးတွေလည်းမရှိပါဘူး။ ဆိုင်ကဝန်ထမ်းတွေနဲ့လည်း အဆင်ပြေနေပါတယ်။ ဘာကြောင့်လဲဘယ်သူ သတ် သလဲ ခုထိမသိဘူး၊ စစ်ဆေးပေးဖို့အတွက်တော့ ရဲတွေဆက်လက်စုံစမ်းပေးနေဆဲဘဲ´ ဟုအမျိုးတော်စပ် သူ တဦး ကပြောသည်။
ကန်အောက်ရပ်၊ ချယ်ရီလမ်းနေ(သေဆုံးသူ) ဒေါ်စိန်စိန်သည် စျေးပိတ်ချိန်တွင်နေအိမ်သို့ပြန်ရောက်မလာ သည့်အတွက် ၄င်း၏အစ်မဖြစ်သူသည် သွားကြည့်ရာ ဒေါ်စိန်စိန်သည် ၀ဲဘက်လက်ဖျံ ပြတ်ရှဒဏ်ရာ(၂) ချက်၊ ယာဘက် လက်ပြတ်ရှဒဏ်ရာ (၁)ချက် ၊၀ဲယာ ရင်ဘတ်ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေကြောင်း၊ မည်သည့် လက်နက်ဖြင့် အသုံးပြုခဲ့သည်ကို သက်ဆိုင်ရာမှ အတည်ပြုချက်မရသေးကြောင်း ၄င်း၏အသိုင်းအဝိုင်းများထံ မှသိရပါသည်။
သေဆုံးသူ၏အစ်မတော်စပ်သူမှ တရားလိုပြုတိုင်တန်းကာ တောင်ကြီးမြို့မရဲစခန်းတွင် (ပ)၉၇ / ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လှစ်ထားကြောင်းနှင့် တရားခံ ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းမှုများပြု လုပ် လျက်ရှိကြောင်းသိရှိရပါသည်။