သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှု ရုံး၌ သျှမ်းပြည်တိုင်းရင်းသားများ သန်းခေါင်စာ ရင်းကောက်ခံမှု အမှန်ရရှိရေး ကော်မတီခွဲကို ယခုအပတ် တနင်္ဂနွေနေ့က ဖွဲ့စည်းလိုက်ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားများ သန်းခေါင်စာရင်းကောက်ခံမှု အမှန်ရရှိရေး၊ သျှမ်းအမည် မှန်ပြန် လည်ရရှိရေး နှင့် သျှမ်းပြည်တွင်းနေပြည်သူလူထု၏ အခက်အခဲများကို အလွယ်တကူ ဖြေရှင်း နိုင်ရေး စသော ရည်ရွယ်ချက်ဖြင့် ယခုလ ၂၃ ရက် မွန်းလွဲ ၁ နာရီက ကော်မတီဖွဲ့စည်းရခြင်းဖြစ် ကြောင်း အဆိုပါ ကော်မတီ ၏ ဥက္ကဌ အဖြစ်အရွေးခံရသူ စိုင်းသန်းစိန်ကဆိုသည်။
“၁၉၄၁ ခုနှစ် အင်္ဂလိပ်အစိုးရခေတ် သန်းခေါင်စာရင်းကောက်တုန်းကဆိုရင် မြန်မာနိုင်ငံလူဦးရေ ၁၀၀ ထဲ မှာ သျှမ်းလူမျိုးက ၆၀ ရှိတယ်၊ ယခင် အစိုးရစာရင်းအရ အယောက် ၁၀၀ မှာဆိုရင် သျှမ်းက ၉ ယောက်ပဲ ရှိ တော့ တာ ၊ ကျနော်တို့ သျှမ်းတွေက ဘာသဘာဝဘေးအန္တရာယ်လည်း တခါမှမကြုံဖူးဘူး ဘယ်လိုဖြစ်ပြီး သျှမ်းလူဦးရေ အဲလောက် ကျသွားတာလဲ၊ ဒါကြောင့် ခု သန်းခေါင်စာရင်းကောက်ရင် ရှိနေတဲ့လူဦးရေ အမှန် ရရှိမှ ရသင့်ရထိုက်တဲ့ အခွင့်အရေးလည်း အပြည့်အဝရမှာလေ ” ဟု ၄င်းကပြောသည်။
ကော်မတီဖွဲ့စည်းပြီးနောက် ကျေးရွာအလိုက် ရပ်ကွက်အလိုက် တာဝန်ရှိ ပုဂ္ဂိုလ်များအားဖိတ်ခေါ်ကာ သန်းခေါင် စာရင်းကောက်ခံမှု အသိပညာပေးဟောပြော မှုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၄င်းနှင့်ပတ် သက်သော အချက်အလက်အသေးစိပ်ကိုလည်းပြည်သူလူထုသိရှိအောင် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကော်မတီ ၀င်လူငယ် တစ်ဦး ကဆိုသည်။
“ ကျနော်တို့ သန်းခေါင်စာရင်းကောက်ခံမှု အမှန်ရရှိရေးကော်မတီခွဲဖွဲ့စည်း တဲ့အခမ်းအနားကို ကျား ခေါင်းပါတီ ၊ကျားဖြူပါတီ၊ သျှမ်းစာ/ယဉ်အဖွဲ့ တာဝန်ရှိသူများနှင့်ကျေးရွာရပ်ကွက်အတွင်းရှိလူကြီးများ ၃၀ ဦးထက်မနဲတက် ရောက်လာကြတယ် ၊ပြီးတော့အားလုံးကလည်း ကော်မတီဖွဲ့စည်းတာ ၀မ်းမြောက်ဂုဏ် ယူကြတယ်” ဟု ၄င်းက ပြောသည်။
သျှမ်းပြည်တိုင်းရင်းသားများ သန်းခေါင်စာရင်းကောက်ခံမှုအမှန်ရရှိရေးကော်မတီကို သျှမ်းပြည်အနယ်နယ် အရပ်ရပ်တွင်ဖွဲ့စည်းထားပြီး ယခု နမ့်ခမ်းမြို့တွင်ဖွဲ့စည်းတည် ထောင်သောအဖွဲ့မှာ ကော်မတီခွဲတစ်ခု ဖြစ်သည် ဟု သိရသည်။