သျှမ်းပြည် တောင်ပိုင်း လွိုင်လင် ခရိုင် နမ့်ဇန်မြို့နယ် SNLD ဥက္ကဌ ၊ ၁၉၉၀ ရွေးကောက်ပွဲ (အနိုင်ရ) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းတင်ဝင်း အသက် (၆၉)နှစ်သည် မတ်လ ၁၃ ရက်နေ့က နမ့်ဇန်မြို့ အမှတ် ၄ ရပ်ကွက်နေအိမ်၌ ကွယ်လွန်ခဲ့သည်။
စိုင်းတင်ဝင်းသည် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်း ရောဂါများခံစားရကြောင်း၊ ယခုလဆန်းပိုင်းက ရန်ကုန်မြို့ လမ်း ၃၀ ဦးခင်မောင်ဝင်း အထူးကု ဆေးခန်းသို့ သွားရောက်ဆေးကုသမှုခံယူခဲ့သေးကြောင်း၊ ရန်ကုန်မှ နေအိမ်သို့ ပြန်ရောက်ပြီး တရက် မတ်ခ်ျ ၁၃ ရက်နံနက်ပိုင်း၌ ကွယ်လွန်သွားကြောင်း၊ မတ်ခ်ျ ၁၅ ရက် မွန်းလွဲ ၁ နာရီ တွင် နမ့်ဇန် သုဿန်၌ သဂြိုလ်မည်ဖြစ်ကြောင်း သမီးဖြစ်သူက ပြောသည်။
“အဖေ့ကို ပြုစုရတာကျေနပ်အားရပါတယ်။ ထိုင်းအထိတောင် သွားကုပေးချင်တယ်။ သူက လက်မခံဘူး၊ နမ့်ဇန်မှာ ပါတီအတွက် အုတ်မြစ်ခိုင်အောင် အလုပ်လုပ်ဦးမယ်ပဲပြောတယ်။ ကျမတို့အတွက် အရိပ်၊ အပင်ကြီး ပြိုလဲသွားတယ်လို့ ခံစားရတယ်။ ဒီနေ့ ခရစ်ယာန် အဖွဲ့ တွေ၊ လားဟူအဖွဲ့တွေ အိမ်မှာ လာရောက်ဆုတောင်း ပေးတယ်” - ဟု သမီးဖြစ်သူက ပြော သည်။
SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က “ဆရာ စိုင်းတင်ဝင်း ဆုံးသွားတယ်လို့ ကြားရတာ စိတ်မကောင်းဘူး။ သူက တော်တော် အား ကိုးရတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရတဲ့ ပြည်သူ့လွှတ်တော်အမတ်ပေါ့။ နောက်ပြီး အမျိုးသားညီလာခံလဲ တက်ခဲ့တယ်။ တော်သေးတယ် ကျနော်တို့နဲ့ အဖမ်းခံရတဲ့ အထဲမှာ ပါမသွားဘူး။ သူလဲ ညောင်နှစ်ပင်ညီလာခံကို တက်ဖို့ ငြင်းဆန်တဲ့သူလေ”ဟု ပြောသည်။
ဦးမြကြည်၊ နန်းစံ တို့၏သား စိုင်းတင်ဝင်းသည် ၁၉၄၅ ခုနှစ် လွိုင်လင်မြို့တွင် မွေးဖွားခဲ့၏။ လွိုင်လင် အထက၌ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့၏။ ၁၉၆၅ ခုနှစ် နန်းစိုးမေ နှင့် အိမ်ထောင် ကျပြီး နမ့်ဇန်မြို့သို့ အပြီးပြောင်းရွှေ့နေထိုင်သည်။ ကျောင်းသားဘဝမှစ၍ ကင်းထောက် အဖွဲ့အဖြစ်တာ ဝန်ထမ်းဆောင်၏။ ၁၉၇၃ မှ ၁၉၈၁ အထိ ပါတီကောင်စီဝင်၊ ၁၉၉၀ ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ နမ့်ဇန်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။ သေဆုံးချိန်တွင် ဇနီး နန်းစိုးမေနှင့်အတူ သမီး ၂ ယောက်၊ သား ၄ ယောက်၊ မြေး ၁၂ ယောက် ကျန်ရစ်ခဲ့သည်။