ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေးတွင် သျှမ်းပြည်နယ် အတွင်း သျှမ်း တိုင်းရင်းသား လူဦးရေ စာရင်းအသေအချာ သိရှိနိုင်ရေး အတွက် မြို့နယ် အသီးသီးတွင် စာရင်း စတင် ကောက်ယူနေပြီ ဖြစ်ကြောင်း သိရသည်။
သျှမ်းပြည်နယ်မြို့နယ်အသီးသီးရှိ သျှမ်းတိုင်းရင်းသားလူဦးရေစာရင်း ၊ သျှမ်းပြည်နယ်တွင်နေထိုင်သော အခြားလူမျိုးများ ၏စာရင်း သိရှိရန်အတွက် ပြီးခဲ့သော ဖေဖော်ဝါရီလကစ၍ သျှမ်းပြည်နယ် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ၏ မြို့နယ်ကော်မတီက စတင်ကောက်ယူ နေကြောင်း သတင်းရရှိပါသည်။
ပင်လုံမြို့ သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ဥက္ကဌ ဦးစိုင်းဆိုင်ကျော်က " ဒီလိုသန်းခေါင်စာရင်း ကောက် ယူတာဟာ ကျနော်တို့ သျှမ်းလူမျိုးတွေအတွက်ရော တခြားသော တိုင်းရင်းသားတွေအတွက်ရော ကောင်းပါတယ်။ ဘယ် တိုင်းရင်းသားမဆို ကိုယ့်လူမျိုးရဲ့စာရင်းကို အတိအကျ သိထားသင့်တယ် " ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။
မြို့နယ်ကော်မတီက သန်းခေါင်စာရင်းကောက်ယူချိန်တွင် အိမ်ထောင်စုစာရင်း၌ မှတ်ပုံတင်မရှိသူများနှင့် အိမ်ထောင်စု စာရင်း မဝင်သေး သူများကို မှတ်ချက်တွင်မှတ်ယူသွားကြောင်းသိရှိရပါသည်။
" အခက်အခဲပြောရရင်တော့ ငွေရေးကြေးရေးအခက်အခဲနဲနဲရှိတယ်။ စာရင်းကောက်တဲ့ချိန်မှာလဲအချိန်ယူရှင်း ပြရတာလဲ ရှိပါတယ်" ဟု နမ့်စန်မြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းသူရိန်ဦး က ပြောသည်။
သျှမ်းလူမျိုးဖြစ်လျှက်နှင့် လူမျိုးနေရာတွင် တခြားလူမျိုးနာမည်မှားယွင်းထည့်သွင်းထားခံရသူများအား ဆန္ဒအတိုင်းပြင် ဆင်ဖြည့်ဆည်းပေးရန်နှင့်အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မရှိသေးသူများ စာရင်းသွင်း ပြုလုပ်ပေးရန် ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသမှ သျှမ်းပြည်တိုင်းရင်းသားလူမျိုးများစာရင်း အပြင်ပြည်ပ ရောက်သျှမ်းလူမျိုးများစာရင်းပါ ကောက်ယူနိုင်ရေး အတွက် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၂၀၁၃ ခုနှစ် သြဂုတ်လ ၂၂ ရက် ကလားရှိုးမြို့တွင် သျှမ်းလူဦးရေကောက်ယူရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။