သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော်၏ တာ့ဆမ်ပူး ကူးတို့ဆိပ် တပ်စခန်း တည်ရှိရာ လမ်းမအား အသုံးပြုလိုသောကြောင့် တပ်စခန်းမှ ရှောင်ဖယ် ပေးပါရန် အစိုးရတပ် တောင်းဆိုရာ SSPP/ SSA က ဆုတ်ခွာပေးသည်ဟု သိရသည်။
ဖေဖေါ်ဝါရီ နောက်ဆုံးပတ်က သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာအုပ်စု အတွင်း ရှိ တာ့ဆမ်ပူးရှိ SSPP/SSA တပ်စခန်းမှတပ်အင်အားများ ဖယ်ပေးရန် နမ့်စန်အခြေစိုက် ရလခ စစ်တိုင်းမှူး က တောင်းဆိုခဲ့ကြောင်း၊ နေပြည်တော်တွင် ခေါင်းဆောင်များ သန်းခေါင်စာရင်းကိစ္စသွားရောက်ဆွေး နွေးနေသောကြောင့် အစိုးရတပ်ရိုးသားမည်ဟုယူဆကြောင်း၊ သို့သော် အစိုးရတပ်များ လမ်းမကိုသာ အသုံးပြုခြင်းမဟုတ်ပဲ ကူးတို့ဆိပ်အားဖြတ်၍ ပန်ချောင်း အရှေ့ဘက်ခြမ်းအချက်အချာ ကျနေရာ အားလုံး တပ်ဖြန့်အခြေနေရာ ယူထားကြောင်း SSPP/SSA အရာရှိတဦးကပြောသည်။
‘ကူးတို့ဆိပ်စခန်းမှာ သူတို့လာနေတာတော့မဟုတ်ဘူး။ နမ့်ပန်ချောင်းအရှေ့ဘက်ကမ်း တောင်ကြော ပေါ်မှာ သွားနေတာ။ ကူးတို့ဆိပ်ထက်ပိုနေရာကောင်းတော့ စစ်ရေးအရ ကျနော်တို့ တပမ်းရှုံးသွားတာ ပေါ့။ ကူးတို့ဆိပ်မှာ ပြန်နေလို့မရတော့ဘူးလေ။ ကျနော်တို့ အသက်နဲ့ ရင်းပြီး ကာကွယ်လာခဲ့တဲ့ ဒီကူးတို့ဆိပ်က သေနတ်သံမထွက်ပဲ ရှုံးသွားတယ်။ နေပြည်တော်မှာ ကျနော် တို့လူကြီးရှိရောက်နေချိန် ကျနော်တို့ကို အကြပ်ကိုင်လိုက်တာ၊ အလိမ်ခံလိုက်ရတာပေါ့ဗျာ။ ပစ်မိန့်မရှိတော့ ကျနော်တို့လဲဘာမှ မတတ်နိုင်ဘူး’ - ဟု အမည်မဖေါ်လို သည့် ရှေ့တန်းရောက်အရာ ရှိငယ်တဦး ကပြောပါသည်။
တာ့ဆမ်ပူးကူးတို့ဆိပ်တပ်စခန်းအား ဖေဖေါ်ဝါရီ ၂၇ ရက်နေ့က သျှမ်းပြည်တပ်မတော်ဘက်မှဆုတ်ပေး လိုက်ခြင်း ဖြစ်ကြောင်း၊ အစိုးရတပ်များ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က တာ့ဆမ်ပူးမှတဆင့် ပန်ချောင်း အရှေ့ဘက်ခြမ်း ကူးပြီး စစ်အင်အားဖြန့်ကျက်ထားကြောင်း ဒေသအတွင်းသတင်းရပ်ကွက် ကပြောသည်။
တာ့ဆမ်ပူးတပ်စခန်းအား ဆုတ်ပေးရန် ၂၀၀၉ ခုနှစ်ကတည်းက အစိုးရတပ်များအကြိမ်ကြိမ် တောင်း ဆိုခဲ့ဖူးသည်။ တာ့ဆမ်ပူးကူးတို့ဆိပ်သည် ဝမ့်ဟိုင်းဌာနချုပ်၏ တောင်ဘက်ပိုင်း အသက်ရှူလမ်းကြောင်း ဖြစ်ခြင်း၊ ရံပုံငွေအတွက် သတ္တုများသယ်ယူဖြတ်သန်းရာ ဂိတ်စခန်းဖြစ်ခြင်းကြောင့် အစိုးရ တပ်များ တက်လာလျှင် အသက်နှင့်ရင်းပြီးခုခံတိုက်ခိုက်သွားမည်ဟု ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းလှ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
တိုင်းရင်းသားဒေသအတွင်း သန်းခေါင်စာရင်းကောက်ယူလျှင် အဘက်ဘက်မှ ကူညီပံ့ပိုးနိုင်ရေး အတွက် ဝ ပြည်သွေးစည်းညီရေး အပါအဝင် SSPP/SSA ၊ RCSS/SSA အပါအဝင်အဆင့်မြင့်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိနေချိန် တာ့ဆမ်ပူးတပ်စခန်းအား အစိုးရတပ်မှ သိမ်းပိုက်ခြင်း ဖြစ်သည်ဟု SSPP အရာရှိကြီးက ပြောသည်။