၄ နှစ်အတွင်း RCSS/SSA အင်အား ၅၀၀၀ ခန့်တိုး

၄ နှစ်အတွင်း RCSS/SSA အင်အား ၅၀၀၀ ခန့်တိုး
by -
သျှမ်းသံတော်ဆင့်

RCSS/SSA ၏ လေးနှစ် တစ်ကြိမ် ခေါင်းဆောင် ရွေးကောက် ပွဲနှင့် လာမည့် ၄ နှစ် အတွက် လုပ်ငန်းစဉ် ချမှတ်သည့် စုံညီပွဲတွင် ၄ နှစ်အတွင်း အဖွဲ့ဝင်သစ် ၅၀၀၀ ခန့် လက်ခံ ရရှိသည်ဟု အစီရင်ခံ တင်ပြ မှုရှိခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ၄ နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းဆောင်တာများ အစီရင်ခံစာ တင်ပြရာ - RCSS/SSA ၏ အဖွဲ့ဝင်သစ် ၄၉၅၄ ယောက်၊ အလုပ်နား/ထွက် ၉၉၉ ယောက်ရှိသည်ဟု ဆိုပါ သည်။

RCSS/SSA ၏ စစ်ရေးပြ တပ်ဖွဲ့ဝင်တချို့

“ အစိုးရတပ်နဲ့ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာလဲ ပါတယ်။ တိုက်ပွဲကနေ အစိုးရစစ်တပ်ရဲ့ သေနတ်မျိုးစုံ ၁၃၁ လက်သိမ်းဆည်းရမိတယ်လို့တင်ပြတယ်။ ၂ ဘက်စလုံး သေကြေ ဒဏ်ရာ ရမှုတွေရှိတယ် လို့တင်ပြတယ်။ အစိုးရတပ်ဘက်သေ ကြေဒဏ်ရာရ စာရင်းတော့ပါတယ်။   ကျနော်တို့ဘက်ကသေကြေဒဏ် ရာ ရစာရင်းကိုတော့ မတင်ပြဘူး။ အဲဒီ တပ်ထွက်/နား စာရင်းထဲမှာ အားလုံးပါမယ်လို့ ထင်တာဘဲ” - ဟု အမည်မဖော်လိုသည့် ဆွေးနွေးပွဲတက်အရာရှိတဦးကပြောသည်။

ပြီးခဲ့သည့် ၄ နှစ်အတွင်း အစိုးရတပ်နှင့် တိုက်ပွဲပေါင်း ၃၂၃ ကြိမ် ဖြစ်ပွါးပြီး အစိုးရတပ်ဘက်က ၄၃၁ ယောက်သေဆုံးကာ ၄၃၆ ယောက်ဒဏ်ရာရရှိသည်ဟုကြားသိရကြောင်း အဆိုပါအရာရှိကပြောသည်။

၎င်းနှင့်ပတ်သက်၍ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက - ‘တိုက်ပွဲနဲ့ပတ်သက်ပြီး ပြောနေရင်လဲ အကျိုးမရှိဘူးလေ။ ဒါကြောင့် အသေးစိတ်ထုတ်ပြန်တာ မရှိဘူး၊ အဲဒီ အင်အားသစ် ၄ ထောင်ကျော် ဝင်လာတယ်ဆိုတာတော့ ဟုတ်ပါတယ်။ RCSS  အသင်းဝင်လက်မှတ်တောင်ထုတ် ပေးထား ပါတယ်။ တပ်ပိုင်းလဲ ဝင်လာတာရှိတယ်။ ဝါသနာ၊ စေတနာအရ လူထုကနေဝင်လာနိုင် အောင်လဲ ကျနော်တို့ လမ်းဖွင့်ပေးထားတယ်။ အဓမ္မကောက်ယူစုဆောင်းတာတော့ ကျနော်တို့မှာ ပေါ်လ စီမရှိတော့ဘူး” - ဟု ပြောသည်။

ထိပ်ပိုင်းခေါင်းဆောင်နှင့်နီးစပ်သည့် ပုဂ္ဂိုလ်တဦးက လက်ရှိ RCSS/SSA တွင် လက်နက်ကိုင်တိုက်ခိုက်ရေး အင်အား ၁၀၀၀၀ (တစ်သောင်း) ထက်မနည်း ရှိလိမ့်မည်ဟုဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပါ။

ဂျန္နဝါရီလက ကျင်းပပြီးစီးသည့် (၂၀၁၃ နှစ်ချုပ်) အစည်းအဝေးတွင် သျှမ်းပြည်နယ်တဝှမ်းလုံး၏ ၄၀% နှုန်းခန့် RCSS/SSA က အင်အားဖြန့်ကျက်ထားလှုပ်ရှားနေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

သျှမ်းပြည်မြောက်ပိုင်းမှ အရာရှိငယ်တဦးက - ‘ပထမတော့ ကျနော် အလည်လာတယ်။ စစ်ပညာဆည်း ပူးချင်လို့ စစ်သင်တန်းတက်လိုက်တယ်။ အခု ကျရာတာဝန်ကို ကျနော် အချိန်မရွေး နေရာမရွေး တာဝန်ထမ်းဆောင်နေပြီ’ - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

လက်ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA သည် ၁၉၉၆ မုန်တိုင်းတပ်မတော် MTA ပြိုကွဲစဉ် အစိုးရထံ လက်နက်မချဘဲ လက်ရှိခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ပြန်လည်စုစည်း တည်ထောင်ထားသည့် သျှမ်းပြည်၏ အင်အားကြီးတပ်မတော်တခု ဖြစ်သည်။

Most read this week