ကျပ်သိန်းပေါင်းထောင်ကျော်မွမ်းမံထားသည့် ပင်လုံကျောက်တိုင်ဖွင့်ပွဲ ပြင်ဆင်

ကျပ်သိန်းပေါင်းထောင်ကျော်မွမ်းမံထားသည့် ပင်လုံကျောက်တိုင်ဖွင့်ပွဲ ပြင်ဆင်
by -
သျှမ်းသံတော်ဆင့်

ကျပ်သိန်းပေါင်း ထောင်ဂဏန်း ကုန်ကျခံကာ သုံးလကြာ မွမ်းမံ ပြင်ဆင် ခဲ့သည့် ပင်လုံကျောက်တိုင်အား ၆၇ နှစ်မြောက် ကျရောက်သည့် ပြည်ထောင်စုနေ့ ဂုဏ်ပြုသည့်အနေဖြင့် ဖွင့်ပွဲ အခမ်းအနား အတွက် အထူးပြင် ဆင်နေသည် ဟုပင်လုံ မြို့ခံများက ပြောသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားအား ဖေဖော်ဝါရီလ ၁၂ ရက် မနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပသွားမည်ဖြစ် ကြောင်း၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အားကြိုဆိုရန် သျှမ်းစာပေယဉ်ကျေးမှု လူငယ်မောင်မယ် အင်အား ၁၀၀ ၊ ပအိုဝ်း စာပေယဉ်ကျေးမှု လူငယ်မောင် မယ်အင်အား ၁၀၀ တို့က မိမိ ရိုးရာဝတ်စုံဖြင့်တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ဆိုသည်။

ဖွင့်ပွဲအတွက် ပြင်ဆင်ထားသော ပင်လုံကျောက်တိုင်

" ကျနော်ကြားထားတာတော့ ပြည်ထောင်စုနေ့ မနက်မှာ ပြည်နယ်ဝန်ကြီးချုပ်က အခုမွမ်းမံပြီးတဲ့ ပြည်ထောင်စု အထိမ်းအမှတ်ကျောက်တိုင်ကို ဖွင့်လှစ်ပေးမယ်၊ ပြီးတော့ သမ္မတ ဦးသိန်းစိန်ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားမယ် တဲ့ " ဟု ပင်လုံကျောက်တိုင်ဝင်းအတွင်းရှိ မဟာရဌာဘိသာမဂ္ဂီ ရွှေတိဂုံ ပုံတူစေတီတော် ဂေါပက လုံးလွမ်းမှိုင်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စုနေ့ သဝဏ်လွှာအား လွိုင်လင်ခရိုင်ဥက္ကဌ ဖတ်ကြားပေးမည်ဟု ၎င်းကပြောသည်။

" ဖွင့်ပွဲ အစီအစဉ်ကတော့ တိုင်းရင်းသားအကနဲ့ စတင်မယ်၊ ပြီးတော့ ကျောင်းသူ/သားပေါင်း ၄၀၀ ကျော်က စည်းလုံးခြင်းသည်အင်အား သီချင်းနဲ့ သီဆိုကြမယ်" ဟု အကအဖွဲ့တွင်ပါဝင်သူတစ်ဦးကပြောသည်။

ပင်လုံကျောက်တိုင်  ပြုပြင်မွမ်းမံရေးအတွက် နေပြည်တော်အစိုးရက ကျပ်ငွေသိန်းပေါင်း  ရဝဝ၀ ချပေးမည်ဟုဆိုသော်လည်း လက်ရှိပြင်ဆင်ပြီးစီးမှုမှာ သျှမ်းပြည်နယ်အစိုးရနှင့်  စည်ပင်ဝန်ကြီးဌာနက ငွေကျပ် ၁၄၀၀ စိုက်ထုတ်ကာ ပြင်ဆင်ထားခြင်းဖြစ်ကြောင်းပင်လုံမြို့ရပ်မိရပ်ဖတဦးကဆိုပါသည်။

နေပြည်တော်အစိုးရမှ ဘတ်ဂျက် မရောက်လာသောကြောင့် ပြတိုက်ပါတည်ဆောက်ရန်  အစီအစဉ်လည်း ပျက်ပြားခဲ့ရကြောင်း ဆိုပါသည်။

၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက် နေ့သည် အင်္ဂလိပ်အစိုးရထံ လွတ်လပ်ရေးအတူတကွယူရန် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်တို့ တောင်တန်း - မြေပြန့် ပူးပေါင်းရေးစာချုပ် ချုပ်ဆိုနိုင်သောနေ့ဖြစ်သည်။ ထို့နေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်လာသည်မှာ ယနေ့  ၆၇ နှစ်မြောက်ရှိခဲ့ပြီဖြစ်သည်။

Most read this week