သျှမ်းပြည်နယ်နေ့တရားဝင်ရုံးပိတ်ရက် ဖြစ်ရေး ကျားခေါင်း၊ ကျားဖြူနှင့် နမ့်ခမ်း ဒေသခံများတောင်းဆို

သျှမ်းပြည်နယ်နေ့တရားဝင်ရုံးပိတ်ရက် ဖြစ်ရေး ကျားခေါင်း၊ ကျားဖြူနှင့် နမ့်ခမ်း ဒေသခံများတောင်းဆို
by -
သျှမ်းသံတော်ဆင့်

၆၇ နှစ်မြောက် သျှမ်းပြည် အမျိုးသားနေ့ အခမ်းအနားအား သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့၌ ကျားခေါင်း SNLD ပါတီ၊ ကျားဖြူ  SNDP ပါတီ နှင့် ရပ်မိရပ်ဖတို့ ပူးပေါင်းကျင်းပကာ ထိုနေ့အား တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ် ပေးရန် ကြေငြာချက် တစောင်  ထုတ်ပြန် တောင်းဆို လိုက်ပါသည်။

shan state national day
ဖေဖေါ်ဝါရီ ရ ရက် ၂၀၁၄ ယနေ့ကျရောက်သည့် သျှမ်းပြည်နယ်အမျိုးသားနေ့အား ဂုဏ်ပြုသည့်အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ သျှမ်းနိုင်ငံရေးပါတီများ နှင့် နမ့်ခမ်းဒေသခံများ ပူးပေါင်း၍ ဖေဖေါ်ဝါရီ ၆ - ရ ရက်နေ့ အထိ ကျင်းပခဲ့၏။

သျှမ်းပြည်နယ်အမျိုးသားနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီ ဖြစ်ကြသည့် ကျားခေါင်း၊ ကျားဖြူ နှင့် ဒေသခံများက - သျှမ်းပြည်နယ်နေ့အားတရားဝင်ရုံးပိတ်ရက်သတ်မှတ်ပေးရေး၊ ရပ်ရွာ၊ အုပ်စု မြို့နယ် ခရိုင် နာမည်များအား မူလ ဒေသခံနာမည်ဖြင့် ပြန်လည်အသုံးပြုပေးရေး၊ အသစ်တိုးချဲ့ဖွဲ့စည်းလျှင်လည်း သျှမ်းပြည်ဂုဏ်ဆောင်သည့် သျှမ်းဒေသခံဘာသာစကားဖြင့်သာမှည့်ခေါ် သတ်မှတ်ရေး၊ ထာဝရငြိမ်းချမ်းရရှိရေး၊ မူးယစ်ကင်းစင်ရေး စသည့်အချက်များ ပါ၀င်သည့် ကြေငြာချက် ရ ချက် ထုတ်ပြန်ကြေငြာခဲ့သည်။

နမ့်ခမ်းမြို့ သျှမ်းပြည်အမျိုးသားနေ့ပွဲတော်သို့ ့ အထင်ကရ သျှမ်းအဆိုတော် စိုင်းဆိုင်ဇွမ်ဖ၊ စိုင်းဆိုင်ဇွမ်မောဝ်း တို့ပါ၀င်သည့် အင်အား ၅၀၀၀ ခန့်ရှိ ရွှေလီဒေသခံများ တက်ရောက်ကြပါသည်။
 
အဆိုပါအခမ်းအနား၌ နမ့်ခမ်းမြို့ အုပ်ချုပ်ရေးမှူးဦးဇော်မင်းမှ သမ္မတဦးသိန်းစိန် ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခြင်း၊ မြို့နယ်မှူး မှလည်း သျှမ်းပြည်ဝန်ကြီး စဝ်အောင်မြတ် ပေးပို့လာသော သဝဏ်လွှာဖတ် ကြားခြင်း၊ ကျားဖြူလွှတ်တော်အမတ် လုင်းစိုင်းတင်ဦးမှလည်းမိန့်ခွန်းပြောကြားခြင်း၊ ပွဲဖြစ်မြောက်ရေး ကော်မတီမှ ၆၇ ကြိမ်သျှမ်းပြည်နယ်အမျိုးသားနေ့ မှ ထုတ်ပြန်သော သဘောထားကြေငြာချက်များဖတ်ကြား ခြင်း၊ သျှမ်းပြည်နယ်နေ့ဆိုင်ရာတေးသီချင်းဖြင့်ဖျော်ဖြေ ခြင်း များ ပြုလုပ်ခဲ့ကြပါသည်။
 
၄င်းသဘောထားကြေငြာချက်အပြည့်အစုံမှာ -
၁။ နှစ်စဉ် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင်ကျရောက်သော သျှမ်းပြည်နယ်နေ့ ကိုတရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန်။
၂။ ထာဝရငြိမ်းချမ်းရေးရရှိရန် တာဝန်ရှိအဖွဲ့အစည်း အသီးသီးမှ မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းသည်။
၃။ ယခင်သုံးနှုန်းထားသော သျှမ်းအမည်နာမများ ဖြစ်သည့် ခရိုင်၊မြို့နယ်၊ရပ်ကွက်၊ကျေးရွာ၊လမ်းများကို ဆက်လက်သုံးစွဲစေပြီး၊ အသစ်ပေးရန်ရှိလာပါက သျှမ်း အမည် နာမဖြင့်ပေးသွားရန်။
၄။ တိုင်းရင်းသားစာပေကို ကျောင်းစာသင်ချိန်တွင်းတရားဝင်သင်ကြားရန်တောင်း ဆိုသည်။
၅။ သက်ဆိုင်ရာ မှကောက်ယူမည့် သန်းခေါင်စာရင်းတွင် လူမျိုး အမည် နာမအစား code နံပါတ်ပေး ပြီး လူမျိုးတစ်မျိုးအတွက် အသေးစိတ်ခွဲခြား code နံပါတ်ပေးခြင်းကိုလက်မခံပါ။
၆။ မြို့နယ်အတွင်းရှိ ပြည်သူလူထုနှင့်သဘာဝပတ်ဝန်းကျင်များအား ထိခိုက်နစ်နာစေနိုင်သော စီမံကိန်းနှင့်အခြားလုပ်ငန်းများကို ဆန့်ကျင် ကန့်ကွက်သည်။
၇။ မူးယစ်ဆေးဝါးသည် လူမှုအတိုင်းအဝိုင်းအား ထိခိုက်ပျက်စီးစေသဖြင့် ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းများကို အပြင်းအထန်ကန့့်ကွက်သည်။