လားရှိုးမြို့တရုတ်နှစ်သစ်ကူး လောင်းကစားဝိုင်းများ ပြိုင်ဖွင့်

လားရှိုးမြို့တရုတ်နှစ်သစ်ကူး လောင်းကစားဝိုင်းများ ပြိုင်ဖွင့်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တရုတ်လုပ်ငန်းရှင်များက တရုတ်နှစ်သစ်ကူးကာလအတွင်း အာဏာပိုင်များ ထံ ကျပ်သိန်းချီအခွန်ပေးဆောင်ကာ လောင်းကစားရုံ သုံးနေရာထက်မနည်း ဖွင့်လှစ်ခဲ့သည်ဟု လားရှိုးမြို့ ပြည်သူ့စစ်အသိုင်းအဝိုင်းက ပြောသည်။

လားရှိုးမြို့ဆင်ခြေဖုံးရှိ ဟူးမွန်၊ ဝမ့်နား၊ ဟိုပိတ်ကျေးရွာများ၌ ဇန်နဝါရီ ၃၁ ရက်နေ့မှ လောင်းကစားဝိုင်း စတင်ဖွင့်လှစ်ရာ ဒေါ်ရန်ကျောင်းမြေကွက်ငှားရမ်းခ ၅ ရက်အတွက် ကျပ် ၂၅ သိန်းပေးဆောင်ရကြောင်း၊ လောင်းကစားရန်အတွက် ဆိုင်ကယ် အပေါင်ရှုံးခဲ့သူတစ်ဦး၏ မိခင်ဒေါ်အားဖန်က ပြောသည်။

လားရှိုးမြို့လောင်းကစားဝိုင်း

သူက“ရပ်ကွက် ၄ တရုတ်သူဌေးတဦးက ဒေါ်ရန်ကျောင်း မြေကွက်ကို လာငှါးတာ။ လောင်းကစားဝိုင်းက ၅ ရက်တည်းဖွင့်မှာ။ အများဆုံးလာလောင်းတာ တရုတ်၊ ဒုတိယ အများဆုံးက ဗမာ၊ တတိယ ကတော့  သျှမ်းလူမျိုးတွေပေါ့” - ဟုပြောသည်။
 
လောင်းကစားရှုံးသူများမှာ ကျပ်နှစ်သိန်းခန့်ပေးဝယ်ရသည့် ဖုန်းကဒ်အား ၅ သောင်းဖြင့် လည်း ကောင်း၊ ကျပ် ၄ သိန်း အထိ ပေးဝယ်ရသည့် တရုတ်ဆိုင်ကယ်များအား ကျပ်တစ်သိန်းခန့်ဖြင့်လည်းကောင်း ပေါင်နှံလောင်းကစားကြောင်း ဒေသခံများကပြောသည်။

“ဘာ့ကြောင့် သျှမ်းရွာတွေမှာ လာရွေးလုပ်တာလဲမသိဘူး။ ဟူးမွန်မှာ တရုတ်နှစ်သစ်ကူးတိုင်း လောင်း ကစားဝိုင်းလုပ်လာတာ သုံးနှစ်ရှိပြီ။ တခြားလူမျိုး ရိုးရာယဉ်ကျေးမှု ပွဲတွေတော့ လောင်းကစားဝိုင်း တွဲဖွင့်ဖို့ ခွင့်တောင်းရင်ဘယ်တော့မှ မရဘူး။ တရုတ်တွေကတော့ တောင်းတိုင်းရတယ်” ဟု မန်ဆူရပ်မိ ဒေါ်နန်းစိန် ပြောသည်။

၂၀၁၁ သမ္မတရာထူးအား ဦးသိန်းစိန် စတင်လက်ခံစဉ် ဆင်းရဲမွဲတေမှုပပျောက်ရေးဟုဆိုကာ လောင်း ကစားဝိုင်းများပိတ်ရန် အမိန့်ထုတ်ခဲ့ပြီး ဒေသအာဏာပိုင်များတားမြစ်ခဲ့သော်လည်း လောင်းကစားဝိုင်းများ ပပျောက်သွားခြင်း မရှိပေ။