ဇန်နဝါရီ ၃၀ ရက် နေပြည်တော်၌ တွေ့ဆုံရန်ကျားဖြူ SNDP ပါတီ၏ တွေ့ဆုံညှိနှိုင်းရေးကော်မတီ၏ တွေ့ဆုံဆွေးနွေးမှုကမ်းလှမ်းထားချက် မဖြစ်နိုင်သေးကြောင်း ကျားခေါင်း SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောသည်။
သျှမ်းပါတီပေါင်းစည်းရေးအတွက် တွေ့ဆုံရန် ကျားဖြူပါတီ ဒုတိယ ဥက္ကဌ၊ ကျားဖြူပါတီ၏ ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စိုင်းဆောင်ဆီ မှ ဇန်နဝါရီလ ၂၃ ရက် ရက်စွဲဖြင့် SNLD ထံသို့ အကြောင်း ပြန်စာ ပေးပို့ထားသည့်အပေါ် တွေ့ဆုံမှု မဖြစ်နိုင်သေးကြောင်း၊ ဖေဖေါ်ဝါရီ ၈ နေ့တွင် တွေ့ဆုံလိုကြောင်း SNLD အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။
“တွေ့ဆုံဖို့ဆိုတာ နှစ်ဘက်အဆင်ပြေတဲနေရာ အဆင်ပြေတဲ့အချိန်က အစညှိယူရမှာ။ ကျနော်တို့ကလာမယ့် ၈ ရက်နေ့ သျှမ်းပြည်တနေရာမှာ တွေ့လိုတယ်လို့အကြောင်းပြန်တယ်။ ပွဲတွေဆက်တိုက်ရှိနေတယ်။ မအားကြသေးဘူးလို့ ကျားဖြူက ပြောလာတယ်။ ဒါ့ ကြောင့်ပြည်ထောင်စုနေ့ နောက်ပိုင်းမှဘဲတွေ့နိုင်တော့ မယ်ထင်တယ်။ ” - ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်ကပြောသည်။
SNLD နှင့်ပူးပေါင်းရေးအတွက် ကျားဖြူပါတီ၏ တွေ့ဆုံညှိနှိုင်းရေးကော်မတီဝင် ၅ ဦးအနက် ၄ ဦးက နေပြည်တော်ရောက် လွှတ်တော်အမတ်များဖြစ်ကြကြောင်း၊ ထို့အတွက် လွှတ်တော်ရုံး အားရက်ဖြစ်သည့် ဇန်နဝါရီ ၃၀ နေ့ သို့မဟုတ် ၃၁ ရက်အား ရက်ချိန်းခြင်းဖြစ်ကြောင်း၊ မည်သို့ဆိုစေ SNLD ဘက် နေ့ရက် နေရာအဆင်ပြေသည့်အချိန်ဖြစ်ဖို့လည်းလိုကြောင်း အဖွဲ့ ခေါင်းဆောင် စိုင်းဆောင်ဆီက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီသည် နိုင်ငံရေးမူဝါဒအရ သဘော ထားပျော့ပြောင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံသဖြင့်ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ထို့အပြင် ပြည်ထောင်စုကို ၁၄ ပြည်နယ်ဖြင့်ထူ ထောင်လိုသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှာမူ ဖွဲ့စည်းပုံပြင်ဆင်ခွင့်မရရင် လာမည့် ၂၀၁၅ လည်းရွေးကောက် ပွဲဝင်မည်မဟုတ်ကြောင်း၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဗမာလူမျိုးများ အများဆုံးထိုင်သည့် တိုင်းဒေသကြီး တွင်စုပေါင်း၍ ဗမာပြည်နယ်အဖြစ် သတ်မှတ်ကာ ၈ ပြည်နယ် စနစ်ဖြင့် ပြည်ထောင်စုဖွဲ့စည်းလိုသည်။ ထိုသို့သဘောထား ခြင်းကွာခြားမှုကြောင့် သျှမ်းပါတီပေါင်းစည်းဖို့ အဟန့်အတားဖြစ်နိုင်သည်ဟု သျှမ်းပြည်နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ် ပြောဆိုကြသည်။
SNLD သည် ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် မြန်မာတပြည်လုံး၌ မဲဆန္ဒထောက်ခံမှု ဒုတိယ အများ ဆုံးရရှိသော ပါတီဖြစ် သည်။ SNDP မူ၂၀၁၀ ရွေးကောက်ပွဲတွင်ပါဝင်ပြီး လွှတ်တော်အမတ် နေရာ ၅၀ ကျော် ရရှိထားသည်။ ပါတီ နှစ်ခု ပေါင်းစည်းလျှင် ပါတီဟောင်းဖျက်သိမ်းပြီး ပါတီသစ်ဖြင့် မှတ်ပုံတင်ရ မည်ဟု နေပြည်တော်ရွေးကောက်ပွဲကော်မတီက စည်းမျဉ်းဥပဒေ ချမှတ်ထားပါသည်။